လောင်းကစားကြော်ငြာနဲ့ တရားမဝင်စီးပွားရေးကြော်ငြာတွေ ရိုက်ကူးခြင်းမပြုဖို့ ရုပ်ရှင်လောကသားတွေကို အစည်းရုံးသတိပေး
ရုပ်ရှင်လောကသားတွေအနေနဲ့ ဥပဒေနဲ့မညီတဲ့လောင်းကစားကြော်ငြာနဲ့ တရားမဝင်စီးပွားရေးကြော်ငြာတွေကို ရိုက်ကူးခြင်းမပြုဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးက သတိပေးစာထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ဥပဒေနဲ့မညီတဲ့လောင်းကစားကြော်ငြာနဲ့ တရားမဝင်စီးပွားရေးကြော်ငြာတွေကို ရုပ်ရှင်လောကသားအချို့က ရိုက်ကူးမှုရှိနေပြီး ယခုလိုရိုက်ကူးခြင်းဟာ ဥပဒေနဲ့ ငြိစွန်းနေတာကြောင့် အရေးယူခံရနိုင်တဲ့ အတွက် ရိုက်ကူးခြင်းမပြုဖို့သတိပေးတာဖြစ်တယ်လို့ဆိုပါတယ်။
" စာပဲထုတ်တာပါ။တချို့က မသိပဲရိုက်နေတာရှိတယ်။တချို့ကလည်းသိသိနဲ့ရိုက်နေတာရှိတယ်။အဲဒါကြောင့်အဲဒီစာအဓိပ္ပါယ်အတိုင်းပဲ။ဥပဒေကတော့ကျွန်တော်မသိဘူး။ကျွန်တော်တို့က ကိုယ့်လူတွေထိမှာစိုးလို့စာထုတ်လိုက်တာပါ။" လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးမှတာဝန်ရှိသူ ဦးအေးကြူလေးကပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးအနေနဲ့ ရုပ်ရှင်လောကသားတွေကို စာထုတ်ပြန်ပြီး အသိပေး၊သတိပေးခြင်းသာရှိပြီး ကြော်ငြာ ရိုက်ကူးနေတဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံခေါ်ယူပြောဆိုခြင်းမျိုးမရှိသေးဘူးလို့သိရပါတယ်။
ဥပဒေနဲ့မညီတဲ့လောင်းကစားကြော်ငြာနဲ့ တရားမဝင်စီးပွားရေးကြော်ငြာတွေကို ရိုက်ကူးခြင်းကိုတော့ လောင်းကစားဥပဒေ နဲ့ Cyber Law အရ အရေးယူနိုင်ကြောင်းကို ဥပဒေပါအချက်အလက်တွေအရသိရပါတယ်။
ဥပဒေနဲ့မညီတဲ့ လောင်းကစားကြော်ငြာရိုက်ကူးခြင်းအတွက် " လောင်းကစားဥပဒေ " မှာ" လောင်းကစားခြင်း၊ လောင်းကစားရန် အားပေးကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်းမပြုရ၊"။ မည်သည့်အားကစားပွဲ သို့မဟုတ် လေ့ကျင့်ပွဲကိုမဆို လောင်းကစားခြင်း၊ လောင်းကစားရန် တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်းမပြုရ ဆိုပြီး ပြဋ္ဌာန်းချက်ပါဝင်ပါတယ်။
အဆိုပါ အချက်ကိုဖောက်ဖျက်ပါက ထောင်ဒဏ် ၁ လမှ ၆ လအထိချမှတ်နိုင်ပြီး ငွေဒဏ် ၅၀၀၀၀ ( ငါးသောင်း) ကျပ်လည်းချမှတ်နိုင်ကြောင်း ၊ပြစ်မှုအကျုံးဝင် ပစ္စည်းကိုတော့ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းခံရမယ်လို့ဖော်ပြထားပါတယ်။
ဥပဒေနဲ့မညီတဲ့ တရားမဝင်စီးပွားရေး ကြော်ငြာရိုက်ကူးပါက Cyber law နဲ့ အရေးယူခံရနိုင်တယ်လို့သိရပါတယ်။
Cyber Law မှာ " မည်သူမဆို အများပြည်သူ ကြည့်ရှုခြင်းငှာ မသင့်လျော်သော သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတလမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၁၀၀၀၀၀၀ ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ ဥပဒေအသိုင်းအဝိုင်းက သိရပါတယ်။
လက်ရှိ လူမှုကွန်ယက်မှာ ထုတ်လွင့်ပြသနေတဲ့ ဇာတ်လမ်းတိုတွေ ၊ channel အချို့ကလွင့်နေတဲ့ နိုင်ငံခြား ဇာတ်ကားတွေ၊ ဆယ်လီတွေရဲ့ Short Flim တွေ စတဲ့ telegram မှာကြည့်ရှုရတဲ့ဇာတ်ကားတိုင်းမှာ အွန်လိုင်းလောင်းကစားကြော်ငြာတွေဖော်ပြပြီး ကစားကြဖို့ ပြောဆိုမှုတွေရှိနေပါတယ်။