“ ပေးချင်တဲ့စိတ်ကြောင့် ပေးနိုင်တဲ့ ဘဝကို ရလာတယ် ” တဲ့ ။ ဆရာမမွန်ဟော်စီရဲ့ စာလေးကို Facebook သုံးရင်း အမှတ်မထင် ဖတ်လိုက်မိပါတယ် ။ တစ်လက်စထဲ ဆက်တွေးနေမိတယ် ။
ကျွန်မဘဝမှာ လူပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ် ။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပဲ ကောင်းတဲ့လူရော ၊ မကောင်းတဲ့လူရော ၊ သစ္စာရှိတဲ့လူရော ၊ သစ္စာဖောက်တဲ့လူရော အမျိုးမျိုးကို ကြုံတွေ့ဖူးပါတယ် ။ ဒါပေမဲ့ ဘဝမှာ ကျွန်မ လုံးဝ လက်မလျှော့ခဲ့တဲ့ အရာတစ်ခု ရှိပါတယ် ။
အဲဒါက " စိတ်စေတနာ၊ ကံတရား" ဖြစ်ပါတယ် ။
မကောင်းတဲ့လူတစ်ယောက် နဲ့ ကြုံခဲ့ရတာနဲ့တင် ကျန်ရှိရှိသမျှ လူတိုင်းက မကောင်းဘူးလို့ မတွေးဘူး ။ မကောင်းတဲ့လူကို ဥပေက္ခာပြုတယ် ။ နှလုံးသားတွေကို အေးခဲမပစ်လိုက်ဘူး ။ ကူညီစရာရှိတာ ကူညီတယ် ။ ပေးကမ်းစရာ ရှိတာကို ပေးကမ်းတယ် ။ ကိုယ့်အကူအညီကို လိုအပ်နေတဲ့သူတိုင်းကို တတ်အားသ၍ ကူညီတယ် ။
" စေတနာကောင်းရင် ကံကောင်းတယ် " လို့ ပြောကြတဲ့စကားက အလကား မဟုတ်မှန်း ပိုပြီး သဘောပေါက်လာတယ် ။ ကျွန်မထားတဲ့ စေတနာကြောင့် ကျွန်မဘဝမှာ ကူညီစောင့်မမဲ့သူ အရမ်းများတယ် ။ ကျွန်မကို သင်ကြားလမ်းပြမဲ့သူ ၊ ကူညီဖေမမဲ့သူ အမြဲရှိတယ် ။ အခက်အခဲတွေကြားမှာတောင် မားမားမတ်မတ် ရပ်တည်ပေးမဲ့သူတွေ အမြဲရှိတယ် ။
ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်ရတယ်ရယ်လို့ မရှိဘူး ။ အဲဒါကြောင့် ဘဝမှာ အခက်အခဲတွေ့လည်း ခဏပဲ ။ ခဏလေးနဲ့ ကျော်ဖြတ်နိုင်တယ် ။ ပေးချင်ကမ်းချင်စိတ်ကြောင့်ပဲ အမြဲ ပေးကမ်းလှူဒါန်း နိုင်ခဲ့တယ် ။
ငွေအခက်အခဲဖြစ်လည်း အချိန်မီ အမြဲ ဖြေရှင်းနိုင်ခဲ့တယ်
ကျွန်မ ငယ်ငယ်ကတည်းက မိဘတွေ ၊ ဆရာဆရာမတွေက ဆုံးမခဲ့တယ် " စိတ်ကောင်းရှိဖို့က ပထမ " ဆိုပြီးတော့လေ ။ ဒါကြောင့်လည်း စိတ်ကောင်းကောင်းထားဖို့ ၊ စေတနာမှန်မှန်ထားနိုင်ဖို့ကို ကြိုးစားခဲ့တယ် ။ အဲဒါကြောင့်လည်း အမြဲ ဘဝမှာ ကံကောင်းခဲ့တယ် ။ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာ လက်တွေ့ပါပဲ ။
ဒါကြောင့် ဘာလေးပဲ လုပ်လုပ် စေတနာလေးထားပြီး လုပ်ကြည့်ပါ ။ တံမြက်စည်းလေး လှည်းတာကအစ ၊ သောက်ရေအိုး ရေဖြည့်တာလေးကအစ သန့်သန့်ရှင်းရှင်း နေရပါစေ ၊ ရေသောက်တိုင်း အမောပြေပါစေဆိုပြီး စေတနာလေး ထားပြီး လုပ်ကြည့်ပါ ။ စေတနာကောင်းရင် သူ့အလိုလို ကံတွေလည်း ကောင်းလာပါတယ် ။ လုပ်သမျှ ကိုင်သမျှ အရာရာ အဆင်ပြေလာတယ် ။ အခြွေအရံ အပေါင်းအသင်း ပေါများလာပါတယ် ။
ဘာမှ မခက်ခဲပါဘူး ။ စိတ်ရင်း စေတနာလေး တစ်ခုကို အရင်းပြုရုံပါပဲ ။
#စူးရှမေ
#ချစ်သောအမျိုးသမီးလေးထံသို့

image