14 ပတ် - ဘာသာပြန်ပါ။

"အနာဂတ်သို့ သတင်းစကား"
Voyager 1 ယာဉ်ငယ်လေးဟာ ၁၉၇၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ မှာ ကမ္ဘာမြေကနေ ထွက်ခွာပြီး အဆုံးမဲ့တဲ့ အာကာသထဲကို လူသားတွေကိုယ်စား ထာဝရ ခရီးနှင်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီအာကာသယာဉ်ပေါ်မှာတော့ ကျွန်တော်တို့ရဲ့ သတင်းစကားတွေ၊ ကမ္ဘာမြေရဲ့ အကြောင်းတွေနဲ့ မျှော်လင့်ခြင်းတရားတွေကို အတူတူ ယူဆောင်သွားခဲ့ပါတယ်။
အဲဒီအထဲမှာ ကမ္ဘာပေါ်က အသံတွေ၊ သီချင်းတွေ၊ ပုံရိပ်တွေနဲ့ ဘာသာစကား ၅၅ မျိုးနဲ့ ပြောထားတဲ့ နှုတ်ခွန်းဆက်စကားတွေ ပါဝင်ပါတယ်။ "မာပါစ" လို့ မြန်မာလို နှုတ်ခွန်းဆက်ထားတဲ့ အသံလည်းပါသွားပါတယ်။
ဒီလို ကမ္ဘာမြေကနေ ထွက်ခွာသွားပြီး ၁၉၉၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ Voyager 1 ယာဉ်ငယ်လေးဟာ နေအဖွဲ့အစည်းထဲက အပြီးမထွက်သွားခင် ကျွန်တော်တို့ ကမ္ဘာမြေဆီကို နောက်ဆုံးအနေနဲ့ ပြန်လှည့်ပြီး ဓာတ်ပုံတစ်ပုံရိုက်ကူးခဲ့ပါတယ်။
ဒါကိုတော့ နာမည်ကျော် အာကာသနဲ့ စကြာဝဠာပညာရှင်လည်းဖြစ်၊ သိပ္ပံနဲ့လူသား ပေါင်းကူးဆက်သွယ်သူ တစ်ယောက်လည်းဖြစ်တဲ့ Carl Sagan ရဲ့ တောင်းဆိုချက်အရ ရိုက်ကူးယူခဲ့တာဖြစ်ပြီး ဒီပုံကိုတော့ Pale Blue Dot (အပြာရောင်အစက်အပြောက်ငယ်) လို့ လူသိများပါတယ်။
ဒီဓာတ်ပုံတွေကို ရိုက်ကူးပြီးတဲ့နောက်မှာတော့ Carl Sagan နဲ့ အခြားသိပ္ပံပညာရှင်တွေရဲ့ အကြံပြုချက်အရ Voyager 1 ရဲ့ ကင်မရာတွေကို အပြီးတိုင် ပိတ်ပစ်ခဲ့ပါတယ်။
အကြောင်းရင်းကတော့ အာကာသထဲကို အဝေးကြီး ခရီးဆက်ရဦးမှာဖြစ်တဲ့အတွက် ကင်မရာတွေအတွက် လိုအပ်တဲ့ ပါဝါတွေကို လျှော့ချပြီး အခြား သိပ္ပံဆိုင်ရာ ကိရိယာတွေကို ပိုပြီးအာရုံစိုက်အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ Voyager 1 ဟာ နေအဖွဲ့အစည်းရဲ့ နယ်နိမိတ်တွေကို ကျော်လွန်ပြီး interstellar space ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မှာ Interstellar space ကို ရောက်ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး၊ သူဟာ လူသားတွေ ဖန်တီးခဲ့တဲ့အရာတွေထဲမှာ ကမ္ဘာကနေ အဝေးဆုံးကို ရောက်ရှိနေတဲ့ အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
Voyager 1 ရဲ့ ပါဝါအရင်းအမြစ်ဖြစ်တဲ့ ရေဒီယိုအိုင်ဆိုတုပ် အပူစွမ်းအင်ထုတ်စက် (RTG) ဟာ တဖြည်းဖြည်း အားနည်းလာတာကြောင့် ၂၀၂၅ ခုနှစ်နောက်ပိုင်းဝန်းကျင်မှာ အရေးကြီးတဲ့ ကိရိယာတွေအားလုံးကို ပိတ်ပစ်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၃၆ ခုနှစ် ဝန်းကျင်မှာတော့ ကမ္ဘာနဲ့ အဆက်အသွယ် လုံးဝပြတ်တောက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
အဆုံးမသတ်တဲ့ စကြာဝဠာနယ်နိမိတ်တွေအထိ Voyager 1 ယာဉ်ငယ်လေးဟာ ခရီးနှင်နေဦးမှာဖြစ်ပြီး၊ အကြောင်းတစ်ခုခုကြောင့် ကမ္ဘာမြေပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ လူသားတွေပဲဖြစ်ဖြစ် အတူ မရှိတော့ရင်တောင် လူသားနဲ့ ကမ္ဘာဟာ တစ်ချိန်က အတူတူ ရှိခဲ့ဖူးတယ်ဆိုတဲ့ သက်သေ သတင်းစကားကို ဆောင်ယူသွားနေဦးမှာ ဖြစ်ပါတယ်။

image