#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တစ်ရက်လျှင် ရေနံစည်ငါးသိန်းကျော် တိုးမြှင့်ထုတ်လုပ်ရန် အိုပက်နှင့် မဟာမိတ်များ သဘောတူ
ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့(အိုပက်)နှင့် မဟာမိတ်နိုင်ငံများသည် ရေနံထုတ်လုပ်မှုတိုးမြှင့်ရန်ဩဂုတ် ၃ ရက်တွင် သဘောတူညီခဲ့ကြသည်။
ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် ရေနံသိုလှောင်မှုနည်းပါးနေခြင်းတို့ကို ကိုးကားပြီး ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ရေနံနှင့်ဓာတ်ဆီဈေးနှုန်းများကို ကျဆင်းစေနိုင်သည်ဟု တချို့ကယူဆကြသည်။ ဩဂုတ် ၃ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသော အစည်းအဝေးတွင် အဖွဲ့ဝင်ရှစ်နိုင်ငံက စက်တင်ဘာလအတွက် တစ်နေ့လျှင် ရေနံစည် ၅၄၇၀၀၀ အထိ ထုတ်လုပ်မှုတိုးမြှင့်မည်ဟု ကြေညာခဲ့သည်။
ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနှင့် အိုမန်နိုင်ငံတို့သည် ယခင်ကဆန္ဒအလျောက် ထုတ်လုပ်မှုလျှော့ချခဲ့ကြပြီး ယခုဆုံးဖြတ်ချက်အရထုတ်လုပ်မှု ပမာဏပြန်လည်တိုးမြှင့်မည်ဖြစ်သည်။
ဤဆုံးဖြတ်ချက်သည် ရေနံဈေးကွက်တည်ငြိမ်ရေးအတွက်ညှိနှိုင်းဆောင်ရွက်မှုကိုထင်ဟပ်စေပြီး ထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် အနာဂတ်မျှော်မှန်းချက်များအပါအဝင် ဈေးကွက်အချက်အလက်များကို အခြေခံထားကြောင်း ကူဝိတ်ရေနံ ဝန်ကြီးက ပြောသည်။
ဤဆုံးဖြတ်ချက်သည် ဈေးကွက်အခြေအနေအရ ပြန်လည်ပြင်ဆင်နိုင်သည်ဟု အိုပက်အဖွဲ့ကပြောသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လာမည့်စက်တင်ဘာ ၇ ရက်တွင် နောက်ထပ်အစည်းအဝေးကျင်းပသွားမည်ဟု အိုပက်အဖွဲ့ က သတင်းထုတ်ပြန်ထားသည်။
စီအင်န်အေ

image