◼ ရုရှားရေနံဝယ်ယူမှုကြောင့် အိန္ဒိယအပေါ် အခွန်တိုးမြှင့်မည်ဟု ထရန့်ထပ်မံခြိမ်းခြောက်
ရုရှားထံမှရေနံဝယ်ယူမှုကြောင့် အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်သွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယမန်နေ့တွင် ထပ်မံခြိမ်းခြောက်လိုက်ချိန်မှာပင် ထရန့်၏ တိုက်ခိုက်မှုမှာ တရားမျှတမှုမရှိကြောင်း နယူးဒေလီ က ပြောကြားပြီး ၎င်းတို့၏အကျိုးစီးပွားများကို ကာကွယ်သွားမည်ဟု သံန္နိဌာန်ပြုခဲ့သဖြင့် နှစ်နိုင်ငံကြားကုန်သွယ်ရေးအငြင်းပွားမှုကို ကြီးမားလာစေခဲ့သည်။
“ အိန္ဒိယက ရုရှားရေနံ အမြောက်အမြားကို ဝယ်ယူနေရုံသာမကဘဲ အဲဒီရေနံအများစုကို အမြတ်တင်ပြီး ဈေးကွက်မှာ ပြန်လည်ရောင်းချနေပါတယ်။ ရုရှားရဲ့ စစ်ယန္တရားကြောင့် ယူကရိန်းမှာ လူတွေ ဘယ်လောက်များများ သေဆုံးနေရတယ်ဆိုတာကို သူတို့ ဂရုမစိုက်ပါဘူး။” ဟု ထရန့် က လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။
“ ဒီကိစ္စကြောင့် အိန္ဒိယက အမေရိကန်ကို ပေးဆောင်ရမယ့် အခွန်အကောက်တွေကို သိသာစွာတိုးမြှင့်သွားပါမယ်” ဟု ထရန့်က ဆက်လက် ရေးသားခဲ့သည်။
၎င်းတို့၏အမျိုးသားအကျိုးစီးပွားများနှင့် စီးပွား‌ရေးဖူလုံမှုအတွက် အိန္ဒိယက လိုအပ်သောအရေးယူမှုအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထရန့်၏ မှတ်ချက်ကို တုံ့ပြန်၍ အိန္ဒိယနိုင်ငံခြားရေးပြော‌ရေးဆိုခွင့်ရှိသူ တစ်ဦး က ပြောကြားသည်။
အိန္ဒိယနိုင်ငံအား ပစ်မှတ်ထားခြင်းမှာ တရားမျှတမှုမရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိကြောင်း ပြောခွင့်ရသူက ဆက်ပြောသည်။
ယူကရိန်းနှင့် သုံးနှစ်ခွဲကြာ စစ်ပွဲအား အဆုံးသတ်ရေးကို ရုရှားက စတင်လုပ်ဆောင်ခြင်းမရှိခဲ့ပါက သောကြောနေ့မှစ၍ ရုရှားနှင့် ရုရှားရေနံဝယ်ယူသူများအပေါ် တားဆီးပိတ်ဆို့မှုအသစ်များ ချမှတ်သွားမည် ဖြစ်ကြောင်း ထရန့်က ပြောကြားထားသည်။
ယင်းသို့ အချိန်သတ်မှတ်ချက်ရှိနေသော်လည်း ယူကရိန်းနှင့်ပတ်သက်၍ ၎င်း၏ ရပ်တည်မှုကို ပြောင်းလဲမည့် လက္ခဏာကို ရုရှားသမ္မတ ပူတင်က လူသိရှင်ကြား ပြသခြင်းမရှိ‌ပေ။
ထရန့်၏ ခြိမ်းခြောက်မှုများ ရှိနေလင့်ကစား အိန္ဒိယက ရုရှားရေနံကို ဆက်လက်ဝယ်ယူနေဦးမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်နှစ်ဦးက ရိုက်တာသတင်းဌာနအား သီတင်းပတ်ကုန်တွင် ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားက ယူကရိန်းအပေါ် အပြည့်အဝကျူးကျော်မှု စတင်ခဲ့ပြီးနောက်ပိုင်း မော်စကို နှင့် ခပ်ခွာခွာနေရေးအတွက် အိန္ဒိယသည် အနောက်တိုင်း ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။
ယင်းဖိအားများကို အိန္ဒိယက တွန်းလှန်ခဲ့ပြီး ရုရှားနှင့်၎င်းတို့ကြားက ကြာမြင့်သောဆက်ဆံရေး နှင့် ၎င်းတို့၏စီးပွားရေးလိုအပ်ချက် များကို အကြောင်းပြခဲ့သည်။
အိန္ဒိယမှ သွင်းကုန်များအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်းချမှတ်သွားမည်ကို ထရန့် က ဇူလိုင်လက ကြေညာပြီးဖြစ်သည်။
အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေးသဘောတူညီချက်ချုပ်ဆိုရေးတွင်လည်း ပထဝီဝင်နိုင်ငံ‌ရေးကိစ္စများက ကြားခံနေကြောင်း အမေရိကန်အရာရှိများက ပြောကြားကြသည်။
ပင်လယ်ရေကြောင်းမှ တင်ပို့ရောင်းချသော ရုရှားရေနံကို အိန္ဒိယနိုင်ငံကအများဆုံး ဝယ်ယူနေကြောင်းနှင့် ယခုနှစ်ဇန်နဝါရီ နှင့် ဇွန်လကြားတွင် အိန္ဒိယကရုရှားထံမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၇၅ သန်း ဝယ်ယူခဲ့ကာ ယမန်နှစ်ကထက် ၁ ရာခိုင်နှုန်း ပိုများကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image