◼ ပြင်ဦးလွင်-မန္တလေးကားလမ်း၌တွဲကားတစ်စီးချောက်ထဲကျ၊ နှစ်ဦးသေဆုံး
ပြင်ဦးလွင်-မန္တလေးကားလမ်း၌ ခရီးသည်တင်ယာဉ်နှင့်တွဲကားတိုက်မိရာမှ တွဲကားမှာချောက်ထဲထိုးကျခဲ့ပြီး နှစ်ဦးသေဆုံးကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)ထံမှသိရသည်။
အဆိုပါယာဉ်တိုက်မှုမှာယမန်နေ့ (ဇူလိုင် ၃၁ ရက်)ည ၇ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်-မန္တလေး ကားလမ်းအဆင်းမိုင်တိုင် ၁၇ အနီး၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တွဲကားပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦးသေဆုံးကာ ခရီးသည်တင်ယာဉ်ပေါ်မှအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“အဆင်းလမ်းမှာတိုက်တာ။ နှစ်စီးလုံးအဆင်းမှာပဲတိုက်မိပြီး တွဲကားကချောက်ထဲကျပြီး ခရီးသည်တင်ကားကလမ်းပေါ်ကျန်ခဲ့တယ်။ တွဲကားကအရှိန်လွန်ပြီးကျတဲ့ပုံပေါ့။ တွဲကားပေါ်က အသက်(၃၀) ဝန်းကျင်နဲ့ အသက်(၅၀) ဝန်းကျင်နှစ်ယောက်သေတယ်။ ခရီးသည်တင်ကားက ဘယ်ကိုသွားတဲ့ကားလဲတော့မသိဘူး။ ကျွန်တော်တို့ရောက်တော့ ခရီးသည်တင်ကား(အံစာတုံးကား) မှာ လူတွေမရှိတော့ဘူး။ သိရတာတော့ အဲဒီကားမှာ ခရီးသည်တစ်ယောက်ထိခိုက်တယ်” ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကိုမန္တလေးပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ထံမှသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)
#ပြည်တွင်းသတင်း