◼ ဩဂုတ် ၈ ရက်တွင်ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ထရန့်အလိုရှိ
ဩဂုတ် ၈ ရက်တွင် ယူကရိန်းမှ ရှရှား၏စစ်ပွဲကို အဆုံးသတ်ရန်အလိုရှိကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ရှင်းလင်းစွာပြောကြားထားပြီး ဖြစ်ကြောင်း အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ယမန်နေ့တွင် ပြောကြားခဲ့သည်။
“အပစ်အခတ်ရပ်စဲရေး နဲ့ တာရှည်ခံ ငြိမ်းချမ်းရေးအတွက် ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံ စလုံးက ဆွေးနွေးညှိနှိုင်းကြရပါမယ်။ သဘောတူညီချက်ရယူဖို့ အချိန်တန်ပါပြီ။ ဒါကို ဩဂုတ် ၈ ရက်မှာ လုပ်ဆောင်ရမယ်လို့ ထရန့်က ရှင်းလင်းစွာပြောထားပြီးဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရဖို့အတွက် အခြား အတိုင်းအတာတွေကိုအကောင်အထည်ဖော်ဖို့အမေရိကန်ကပြင်ဆင်ထားပါတယ်။” ဟု အမေရိကန် စီနီ ယာ သံတမန် ဂျွန်ကယ်လီက အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီအား ပြောကြားသည်။
ယနေ့မှဆယ်ရက်အတွင်း ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး မော်စကိုဘက်က တိုးတက်မှု မပြသခဲ့ပါက ရုရှားအပေါ် အခွန်ချမှတ်ခြင်းအပြင် အခြားအတိုင်းအတာများပါ အမေရိကန်က လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒေါ် နယ် ထရန့်က အင်္ဂါနေ့က ပြောကြားခဲ့သည်။
ကိဗ်နှင့် မော်စကိုက ယခုနှစ်အတွင်း အစ္စတန်ဘူလ်မြို့တွင် ဆွေးနွေးပွဲသုံးကြိမ် ပြုလုပ်ခဲ့ကာ အကျဉ်းသားများနှင့်ကျဆုံးစစ်သည်အလောင်းများ လဲလှယ်မှု ထွက်ပေါ်ခဲ့သော်လည်း သုံးနှစ်ကျော်ကြာ ပဋိပက္ခအား အရှိန်လျော့ပါးသွားစေမည့် လမ်းစ ပေါ်ထွက်လာခြင်းမျိုး မရှိခဲ့ပေ။
“ အစ္စတန်ဘူလ်ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ အစ္စတန်ဘူလ်ဆွေးနွေးပွဲတွေ ရှိနေပေမယ့်လည်း အနောက်တိုင်းမှာတော့ စစ်ပွဲပါတီ က မပျောက်သွားပါဘူး။ သံတမန်ရေးဆိုတာ ရုရှားကို ဝေဖန်ဖို့နဲ့ ဖိအားပေးဖို့ပဲလို့ ထင်နေသူတွေရဲ့ အသံတွေ ကျွန်တော်တို့ ဆက်ကြားနေရပါတယ်။” ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ၏ လက်ထောက်သံအမတ်ကြီး ဒီမီထရီ ပိုလျံစကီးက လုံခြုံရေးကောင်စီအား ပြောကြားသည်။
ရုရှားအား စည်းလုံးညီညွတ်မှု ၊ ပိုင်းဖြတ်မှု ၊ အရေးယူမှုများဖြင့် ထိပ်တိုက်ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ကုလသမဂ္ဂလက်ထောက် သံအမတ်ကြီး ကရီစတီနာ ဟာယိုဗီရှင်က ပြောကြားသည်။
“ကုလသမဂ္ဂပဋိညဉ်ရဲ့ အခြေခံမူတွေပေါ်မှာ အခြေခံထားတဲ့ ကျယ်ပြန့်၊ တရားမျှတပြီး တာရှည်ခံတဲ့ ငြိမ်းချမ်းရေးကို ကျွန်မတို့အလိုရှိပါတယ်။ ထပ်ပြောပါမယ် ချက်ချင်း ခြွင်းချက်မရှိ အပစ်ရပ်ရေးက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကို ရပ်တန့်ဖို့ ပထမအဆင့်ဖြစ်ပါတယ်။” ဟု မစ္စက် ဟာယိုဗီရှင် က လုံခြုံရေးကောင်စီ အား ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters/fs
#နိုင်ငံတကာသတင်း