#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ အပြောင်းအရွှေ့ဈေးကွက် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း အာဆင်နယ်မန်နေဂျာ အာတီတာဝန်ခံ
အာဆင်နယ်မန်နေဂျာ အာတီတာက အပြောင်းအရွှေ့ဈေးကွက်တွင် လုပ်ဆောင်မှုများ ထပ်မံရှိလာမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အာဆင်နယ်သည် ယခုနွေရာသီတွင် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကာရက်စ် နှင့် ချယ်လ်ဆီးတိုက်စစ်ကစားသမား နိုနီမာဒူကူကီတို့ကဲ့သို့သော အဓိကခေါ်ယူမှုများပြုလုပ်ထားပြီး ဖြစ်သော်လည်း အာတီတာကမူ လုပ်ဆောင်မှုများဆက်ရှိသေးကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
အာတီတာက “ကျွန်တော်တို့ စောင့်ကြည့်ကြရအောင်။ အပြောင်းအရွှေ့ဈေးကွက်က ဆက်လက်ရှိနေတုန်းပါပဲ။ အဲဒါကို အသင်းအနေနဲ့လည်း ဟန်ချက်ညီအောင်ထိန်းထားနိုင်ဖို့ လိုပါတယ်။ လုပ်ဆောင်မှုတွေကိုလည်း ဂရုတစိုက်လုပ်ဆောင်နေပြီး သင့်တော်တဲ့ အရာတွေကိုတွေ့ရှိလာရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာလည်း ပွင့်ပွင့်လင်းလင်း မြင်လာရပါလိမ့်မယ်”ဟု ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်သည် လက်ရှိအချိန်တွင် ခရစ္စတယ်ပဲလေ့စ်ကစားသမား အီဘီရီအီဇီကို ခေါ်ယူရန် လုပ်ဆောင်နေကာ ဆွေးနွေးမှုများသည် အပြုသဘောဆောင်မှုရှိနေကြောင်း သတင်းများ၏ ဆက်လက်ဖော်ပြချက်များအရ ထပ်မံ သိရှိရသည်။