ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်သဘောတူညီချက် စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ မလေးရှားစောင့်ကြည့်
ဘန်ကောက်၊ ဇူလိုင်-၃၁-၂၀၂၅
မျိုးဆက်(VOM)
ဒီနှစ်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား မကြာသေးမီက စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေး အပစ်ရပ်သဘောတူညီချက် အကောင်အထည်ဖော်မှုကို အထူးအဖွဲ့နှစ်ဖွဲ့နဲ့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ဒီကတိကဝတ်ကို ကမ္ဘောဒီးယားတပ်မတော် နဲ့ မလေးရှားတပ်မတော် တို့အကြား အဆင့်မြင့်အစည်းအဝေးကို အင်္ဂါနေ့က ပြုလုပ်ခဲ့ကာ သဘောတူခဲ့ပြီးဖြစ်တယ်လို့ ကမ္ဘောဒီးယားဘက်က ထုတ်ပြန်ပါတယ်။ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေမှာ အဖွဲ့တဖွဲ့စီဖွဲ့မယ်လို့ အတည်ပြုခဲ့ပြီး၊ ဒီအဖွဲ့တွေကို နိုင်ငံနှစ်ခုမှာရှိတဲ့ မလေးရှားစစ်သံမှူးတွေက ဦးဆောင်မယ် လို့ဆိုပါတယ်။
လုပ်ငန်းစဉ်ကို ဗုဒ္ဓဟူးနေ့ကစပြီး စတင်ခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မလေးရှားက ကြားဝင်စေ့စပ်မှုနဲ့အတူ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပါတယ်။ သဘောတူညီချက်အရ နှစ်ဖက်စလုံးက မိမိတို့စစ်တပ်တွေကို ဆုတ်ခွာဖို့နဲ့ နောက်ထပ်တိုက်ပွဲတွေမဖြစ်အောင် လွတ်လပ်တဲ့စောင့်ကြည့်မှုတစ်မျိုးမျိုးကို လက်ခံဖို့ သဘောတူခဲ့ပါတယ်။
နယ်စပ်အနီးက တပ်မှူးတွေဟာ အပစ်ရပ်ရေးကို ထိန်းသိမ်းဖို့၊ တပ်ရွေ့လျားမှုရပ်တန့်ဖို့ နဲ့ ပြဿနာတွေကိုချက်ချင်းဖြေရှင်းဖို့ ညှိနှိုင်းရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ သဘောတူခဲ့ကြောင်း မလေးရှားက ထုတ်ပြန်ပါတယ်။
ဒီနယ်စပ်ပဋိပက္ခတွေကြောင့် ပြည်သူအများအပြားအပါအဝင် အနည်းဆုံးလူ ၄၀ သေဆုံးခဲ့ပြီး ငါးရက်ကြာ တိုက်ပွဲအတွင်း နှစ်နိုင်ငံမှာ လူပေါင်း သုံးသိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ နှစ်နိုင်ငံအကြာ နယ်စပ်ဒေသ နယ်မြေအငြင်းပွားမှုတွေကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဆယ်စုနှစ်များစွာ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Ref:NHK
Photo:Reuters
