" လူငယ်နဲ့ အရက် "
********************
ယနေ့ခေတ်မှာ လူငယ်နဲ့ အရက်က မိတ်ဖက်လို ဖြစ်နေတယ်။ စိတ်ပြေလက်ပျောက် တစ်ခွက်တလေသောက်တော့ ဆေးဖြစ် ဝါးဖြစ်၊ အသည်းကွဲလို့ အမြဲစွဲသောက်တော့ မင်းကြောင့်" ဆိုပြီး အသည်းကွဲကွဲ၊ မကွဲကွဲ သောက်နေကြတယ်။ ဒါက လူငယ်တစ်ယောက် အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။
အညွန့်တလူလူနဲ့ တိုးတက်ရမယ့်အရွယ်မှာ မတိုးတက်ဘဲ အညွန့်ကျိုးသွားနိုင်ပါတယ်။ လူညွန့်တုံးသွားနိုင်ပါတယ်။ "ဓားကိုဖျက်တာ ဝါးမျက်၊ လူကိုဖျက်တာ အရက်" ဆိုသလို ဖြစ်သွားနိုင်ပါတယ်။
အရက်သောက်ခြင်းကြောင့် ဘာဆိုးကျိုးတွေ ခံစားရနိုင်လဲ ဆိုရင် စီးပွားပျက်တတ်တယ်။ ခိုက်ရန်ဖြစ်တတ်တယ်။ ရောဂါရတတ် တယ်။ နာမည်ပျက်တတ်တယ်။ အရှက်အကြောက် သိက္ခာမဲ့တတ် တယ်။ ဆင်ခြင်တုံတရား ကင်းမဲ့တတ်တယ်။ လူညွန့်တုံးတတ်တယ်။ အသက်တိုတတ်တယ်။အသည်းကျွမ်းပြီး သေတတ်တယ်။ သေတဲ့အခါ အပါယ်ကျတတ်တယ်။ တကယ်လို့ လူပြန်လာဖြစ်ရင်လည်း ကျပ်မပြည့်တဲ့လူ၊လူရူးလူနှမ်း ဖြစ်တတ်တယ်။
ဒါကြောင့် အဲဒီဆိုးကျိုးတွေကို မခံစားချင်ရင် အသည်းကွဲကွဲ၊ မကွဲကွဲ အရက်ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။ အကယ်၍ အသည်းကွဲလို့၊ မခံစားနိုင်လို့ အရက်သောက်မယ်ဆိုရင်လည်း ဘဝပျက်လောက်အောင်အထိတော့ မသောက်သင့်ပါဘူး။ ဖြစ်သင့်တာကတော့ အသည်းကွဲရင် အရက်သောက်မယ့်အစား ချစ်တာလည်း မမြဲဘူး၊ မုန်းတာလည်း မမြဲဘူး၊ သူ့ကိုလည်း ကိုယ် မပိုင်ဘူး၊ ကိုယ့်ကိုလည်း သူ မပိုင်ဘူး၊ ကံကြုံလို့ ဆုံခွင့်ရခဲ့ပြီးပြီ၊ ကံကုန်လို့ ခွဲရတာ ဓမ္မတာမို့ ဘာတတ်နိုင်မှာလဲလေလို့ တွေးပြီး ဖြေသိမ့်သင့်ပါတယ်။
လူငယ်တစ်ယောက်ဟာ အညွန့်တလူလူနဲ့ တက်လမ်းတွေ၊ အခွင့်အရေးတွေ များစွာရှိပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဘာကြောင့်မှ၊ ဘယ်သူ့ကြောင့်မှ ကိုယ့်ဘဝကိုပျက်စီးအောင် အရက်နဲ့ အညွန့် မချိုးသင့်ပါဘူး။ မဖျက်ဆီးသင့်ပါဘူး။ ဘယ်လို လောကဓံဆိုးတွေနဲ့ပဲကြုံကြုံ သည်းခံပြီး လူတော် လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။
#မောင်ဘုန်း (သပြု)
📘၂၁-ရာစု လူငယ့်စိတ် လူငယ့်အတွေး စာအုပ်၊
