◼ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အေးချမ်းငြိမ်သက်နေဟုထိုင်း ထိုင်းယာယီဝန်ကြီးချုပ်ပြော
ပြီးခဲ့သည့် သီတင်းပတ်ကတည်းက တိုက်ခိုက်မှုများဖြစ်ပေါ်နေခဲ့သော ထိုင်း-ကမ္ဘောဒီးယားနယ်စပ်သည် အပစ်ရပ်ရေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ယခုအခါ အေးချမ်းငြိမ်သက်နေကြောင်း ထိုင်းယာယီဝန်ကြီးချုပ် ဖမ်သမ် ဝီချာယာချိုင်က ပြောကြားသည်။
ဝီချာယာချိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့က ယမန်‌နေ့တွင် အာဆီယံဥက္ကဌမလေးရှား နိုင်ငံတွင် တွေ့ဆုံကြပြီး ဆယ်နှစ်ကျော်ကာလအတွင်း လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုများအား ရပ်တန့်သွားရန် သဘောတူခဲ့ကြသည်။
ငါးရက်ကြာ ပြင်းထန်သော တိုက်ခိုက်မှုများအတွင်း လူပေါင်း သုံးသိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အများအားဖြင် အရပ်သားများဖြစ်သော လူပေါင်း ၃၈ ဦး သေ‌ဆုံးခဲ့သည်။
ယမန်နေ့ ည သန်းခေါင်တွင် စတင်အသက်ဝင်လာသည့် အပစ်ရပ်မှုကို ချိုးဖောက်၍ ယနေ့ နံနက်စောစောတွင် အနည်းဆုံးနေရာ ငါး နေရာတွင် ကမ္ဘောဒီးယားစစ်ဘက်၏ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း နှင့် မိမိတို့ဘက်ကလည်း သင့်တင့်လျောက်ပတ်စွာ တုံ့ပြန်ခဲ့ကြောင်း ထိုင်းစစ်ဘက် က ထုတ်ပြန်ပြောကြားသည်။
မစ္စတာဖမ်သမ်ကမူ တိုက်ခိုက်မှုသတင်းများကို လျှော့ပေါ့ပြောဆိုပြီး နံနက် ၁၀ နာရီတွင် ကျင်းပသည့် တပ်မှူးများအစည်းအဝေးမတိုင်မီ ၎င်းအနေဖြင့် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးနှင့် စကားပြောခဲ့ကြောင်း ပြောသည်။
“ စစ်ရှိန်မြင့်လာတာ မရှိပါဘူး။ လတ်တ‌လောမှာ ငြိမ်သက်နေပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။
နယ်စပ်တွင် ပစ်ခတ်မှုများ ဆက်ဖြစ်နေခြင်း မရှိကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စက်မာလီဆိုချီတာကလည်း ယနေ့ နံနက်တွင် ပြောသည်။
အာဆီယံအဖွဲ့ လက်ရှိဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့က တောက်လျှောက်တွန်းအားပေးခဲ့ပြီးနောက် အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ တိုက်ခိုက်မှုများကို မရပ်တန့်ခဲ့ပါက ယင်းနှစ်နိုင်ငံနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများ ဆက်လုပ်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ က သတိပေးပြောကြားခဲ့သည်။
အခွန်လျှော့ပေါ့ရေး ဆွေးနွေးညှိနှိုင်းမှု မလုပ်နိုင်ခဲ့ပါက ယင်းနှစ်နိုင်ငံသည် ၎င်းတို့၏အကြီးမားဆုံးနိုင်ငံခြားတင်ပို့ဈေးကွက်ဖြစ်သည့် အမေရိကန်ထံမှ တင်သွင်းခွန် ၃၆ ရာခိုင်နှုန်း ချမှတ်ခံရနိုင်သည့် အလားအလာနှင့် ရင်ဆိုင်နေရသည်။
အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ရရှိခဲ့ပြီးနောက် ၎င်းအနေဖြင့် ခေါင်းဆောင်နှစ်ဦးစလုံးနှင့် စကားပြောခဲ့ကြောင်း နှင့် အခွန်အကောက်ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ၎င်း၏ ကုန်သွယ်ရေးအဖွဲ့အား ညွှန်ကြားလိုက်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image