8 w - Translate

ဗိုလ်တထောင်မှာ လေပြင်းတိုက်လို့ ကူးတို့လှေမှောက်ပြီး ပျောက်နေသူသုံးဦး ညနေပိုင်းထိ ရှာမတွေ့သေး

ရန်ကုန်-၂၀၂၅ ဇူလိုင် ၂၄ (မော်ကွန်း)

ရန်ကုန်မြစ်ထဲမှာ ပြင်းထန်တဲ့ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဒီမနက်ပိုင်းက နစ်မြုပ်ခဲ့တဲ့ ရန်ကုန်-ဒလ ကူးတို့စက်လှေက ပျောက်ဆုံးနေသူသုံးဦးကို ညနေပိုင်းအထိ ပြန်မတွေ့သေးဘူးလို့ အဲဒီလှေဆိပ်က စက်လှေမောင်းသူတချို့က ပြောပါတယ်။

မနက် ခုနှစ်နာရီခွဲလောက်မှာ ရုတ်တရက်ကြုံလိုက်ရတဲ့ လေပြင်းတိုက်ခတ်မှုကြောင့်ဗိုလ်တထောင်-သမတကမ်းခြေကူးတဲ့ ကူးတို့စက်လှေပေါ်ပါသူ ၁၁ ဦးအနက် စက်လှေမောင်းသူနဲ့ ခရီးသည်နှစ်ဦး နစ်မြုပ်ပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။

“လှေက ဒီဘက်ကမ်း(ရန်ကုန်ဘက်)ကို ရောက်နေပြီ။ အဲဒီမှာ လေကြောင်းထဲကို တည့်တည့်သွားတိုးသလို ဖြစ်သွားတာ။ ရှင်လာသူတွေ ပြောပြတာက ရုတ်တရက် လှေကိုဆွဲမြှောက်၊ သုံးပတ်လောက်လည်သွားပြီးမှ မှောက်သွားတာလို့ ပြောတယ်။ လေက အတော်ကြမ်းတယ်။ သွပ်တွေ၊ အတိုအစတွေလဲ အဲဒီ လေလုံးကြီးထဲမှာ ပါလာတာကို တွေ့ရတယ်” လို့ ဗိုလ်တထောင် ဆိပ်ကမ်းဘက်က စက်လှေမောင်းသူတစ်ဦးက ပြောတယ်။

လှေဟာ ဗိုလ်တထောင်ဆိပ်ခံတံတား ၂ နဲ့ ၃ ကြားလောက်အရောက်မှာ လေပြင်းလှိုင်းနဲ့ တိုးပြီး မြုပ်သွားတာလို့ စက်လှေမောင်းသူ တချို့က ပြောပါတယ်။ ရှင်ကျန်ခဲ့သူ ရှစ်ဦးဟာ သစ်သားခွံဖြစ်တဲ့လှေကိုဖက်တွယ်ရင်း ကျန်ရစ်ခဲ့ကြတာဖြစ်ပြီး “ ဖြစ်ဖြစ်ချင်းပဲ ကျွန်တော်တို့ အခြား လှေတွေနဲ့ သွားကယ်ကြတာ” လို့ အထက်ပါ စက်လှေသမားက ပြောပါတယ်။

ဖြစ်ချိန်မှာ ရေကျချိန်ဖြစ်ပြီး ရန်ကုန်မြစ်ရဲ့ ရေစီးအလွန်သန်ချိန်ဖြစ်တာကြောင့် ပျောက်ဆုံးသူတွေကို ရှာဖွေဖို့ အတော်လေးခက်သွားတယ်လို့ လှေသမားတချို့က ဆိုပါတယ်။

“ မနက်ဖြန်၊ သန်ဘက်ခါလောက်ဆိုရင်တော့ အလောင်း ပြန်တွေ့လောက်ပါတယ်။ အခု ဖြစ်ဖြစ်ချင်းကတော့ ရှာပေမယ့် တွေ့ဖို့ မလွယ်ဘူး” လို့ တခြားလှေသမားတစ်ဦးက ပြောပါတယ်။

မိုးရာသီ လှိုင်းလေထန်တတ်တဲ့ကာလဖြစ်ပေမယ့် နစ်မြုပ်သွားတဲ့ လှေပေါ်ပါ ခရီးသည်တွေဟာ အသက်ကယ်အင်္ကျီ မဝတ်ထားကြဘူးလို့ ဖြစ်ရပ်ကို မြင်တွေ့တဲ့ ဗိုလ်တထောင်ကမ်းနားက ဈေးသည်တချို့က ပြောပါတယ်။

အဲဒီစက်လှေနစ်မြုပ်ပြီးနောက် စက်လှေစီးနင်းသူတိုင်း အသက်ကယ်အင်္ကျီဝတ်ဖို့ ကူးတို့ဆိပ်အာဏာပိုင်တွေက ကြပ်မတ်နေ တာကို ဒီညနေပိုင်းမှာ တွေ့ရပါတယ်။

ဒလ-ရန်ကုန် ကူးတို့လှေအများစုမှာ ဆောင်ထားတဲ့ အသက်ကယ်အင်္ကျီတွေဟာ ညစ်ပတ်ပေရေနေပြီး အရည်အသွေး ညံ့ဖျင်းကြတာကြောင့် ဒလဘက်ကနေ ရန်ကုန်ဘက်ကို အလုပ်လာဆင်းသူအများစုဟာ အဝတ်အစားတွေ စွန်းထင်းမှာစိုးရိမ်တဲ့အတွက် ဝတ်ဆင်လေ့မရှိကြပါဘူး။

မနက်ကတိုက်တဲ့ ပြင်းထန်တဲ့ လေဆင်နှာမောင်းကြောင့် ဒလမြို့ပေါ်က ရပ်ကွက်တချို့မှာ နေအိမ်တွေအမိုးလန်ကုန်တာ၊ သစ်ပင်တွေလဲတာဖြစ်ခဲ့သလို ဗိုလ်တထောင်ဆိပ်ကမ်းက ကုန်သေတ္တာဝင်းအတွင်းမှာလည်း ကုန်သေတ္တာတွေ ပြိုကျတာ၊ ကားတွေ လွင့်စင်တိမ်းမှောင်တာတွေ ဖြစ်ခဲ့ပါတယ်။

ဒီလေပြင်းကြောင့် ဗိုလ်တထောင်အမှတ်(၂) ဆိပ်ခံတံတားလည်း ပျက်စီးနစ်မြုပ်ခဲ့တာကို တွေ့ရပါတယ်။

ရန်ကုန်-ဒလ ကူးသန်းဖို့အတွက် သမ္မတကမ်းခြေ၊ အံ့ကြီး၊ ကားဂိတ်၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဝန်ထမ်းနဲ့ ဆာပါချောင် စတဲ့ရပ်ကွက်ကူးတို့လှေဆိပ်တွေ ရှိပြီး နေ့စဉ် လူပေါင်းထောင်နဲ့ချီ အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

ပန်းဆိုးတန်-ဒလနဲ့ မော်တင်-ဝန်ထမ်း ဆိပ်ကမ်းတွေကို ဖယ်ရီသင်္ဘောကြီးတွေနဲ့ ပြည်တွင်းရေကြောင်းက ပြေးဆွဲပေးတာ ရှိပေမယ့် ကူးသန်းချိန်ကြာမြင့်တာ၊ အချိန်အကန့်အသတ်နဲ့သာ ပြေးဆွဲပေးတာတွေကြောင့် ဒလမြို့ခံအများစုက လူမှုစီးပွားလုပ်ငန်းတွေအတွက် ကူးတို့ စက်လှေတွေပဲ အများဆုံး အသုံးပြုကြတာ ဖြစ်ပါတယ်။

imageimage