#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဘီ-၅၂ ဗုံးကြဲလေယာဉ်ကို ခရီးသည်တင်လေယာဉ် အရေးပေါ်ရှောင်ရှားခဲ့ရ
အမေရိကန်ပြည်ထောင်စု အခြေစိုက်စကိုင်းဝက်စ် လေကြောင်း လိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် မြောက်ဒါကိုတာပြည်နယ်၌ အမေရိကန်လေတပ်မှ ဘီ-၅၂ဗုံးကြဲ လေယာဉ်တစ်စင်းနှင့် လေထဲဝင်တိုက်မည့်အရေးကိုရှောင်ရှားရန် အန္တရာယ်များသည့် တိမ်းရှောင်ပျံသန်းမှုတစ်ရပ်ပြုလုပ်ခဲ့ရကြောင်း ဇူလိုင် ၂၁ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အဆိုပါ ခရီးသည်တင်လေယာဉ်သည် မင်နီယာပိုလစ်မြို့မှ စတင် ပျံတက်ခဲ့ပြီး မိုင်းနော့မြို့အနီးသို့ချဉ်းကပ်လာစဉ် လက်ယာဘက်ခြမ်းမှ ပျံသန်းလာသော ဘီ-၅၂ ဗုံးကြဲ လေယာဉ်ကို ရှောင်ရှားရေးအတွက် အရေးပေါ်လမ်းကြောင်း ပြောင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၁၉ ရက်တွင်ဖြစ်ပွားခဲ့သည့် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်လေတပ်က အသေးစိတ်သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ သို့ရာတွင်မိုင်းနော့မြို့၌ ဇူလိုင် ၁၉ ရက်တွင် ကျင်းပသော မြောက်ဒါကိုတာပြည်နယ်နေ့အခမ်းအနားတွင် ဘီ-၅၂ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တစ်စင်း သရုပ်ပြပျံသန်းခဲ့ကြောင်း အမေရိကန်လေတပ်က သတင်းထုတ်ပြန်ထားသည်။
အမေရိကန်လေကြောင်းလိုင်းမှ ခရီးသည်တင်ဂျက်လေယာဉ်တစ် စင်းနှင့် အမေရိကန်ကြည်းတပ်ရဟတ်ယာဉ်တစ်စင်းတို့ ဝါရှင်တန်မြို့တော် ဝေဟင်၌ဝင်တိုက်ခဲ့ပြီး ခြောက်လခန့်အကြာတွင် ဘီ-၅၂ ဗုံးကြဲလေယာဉ်ကို ခရီးသည်တင်လေယာဉ်ရှောင်ရှားရမှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။
အထက်ပါ ရဟတ်ယာဉ်နှင့် လေယာဉ်ဝင်တိုက်မှုသည် လူပေါင်း ၆၇ ဦး သေဆုံးခဲ့ရသည်။
အေပီ
