#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်တည်ဆောက်မှု တိဘက်ကုန်းမြင့်၌ တရုတ် စတင်
တိဘက်ကုန်းမြင့်ဒေသ အရှေ့ဘက်ခြမ်း၌ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်တည်ဆောက်ရေးလုပ်ငန်းကို ဇူလိုင် ၂၁ ရက်တွင် တရုတ်နိုင်ငံကစတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယာလောင်းကျန်းပိုအမည်ရှိ အဆိုပါ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်စီမံကိန်းအတွက် ကုန်ကျစရိတ်အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံ ၁၇ဝ အထိ ရှိနိုင်ကြောင်းခန့်မှန်းရသည်။
ယာလောင်းကျန်းပိုမြစ် အောက်ပိုင်း၌တည်ဆောက်မည့် အဆိုပါ ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည်သည် နှစ်စဉ် လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီ ဘီလီယံ ၃ဝဝ အထိ ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း သိရသည်။
သို့ရာတွင် တရုတ်နိုင်ငံ၏ ယာလောင်းကျန်းပို ရေအားလျှပ်စစ် ထုတ်လုပ်ရေးဆည် စီမံကိန်းကြောင့် မြစ်အောက်ပိုင်း နိုင်ငံများမှ ပြည်သူသန်းပေါင်းများစွာတို့အပေါ် ဆိုးကျိုးသက်ရောက်လာမည့် အရေးကို အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က စိုးရိမ်လျက်ရှိသည်။
ယာလောင်းကျန်းပိုမြစ်သည် တိဘက်ဒေသမှ ထွက်လာပြီးနောက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအတွင်းသို့ ဗြဟ္မပုတ္တရအမည်ရှိ မြစ်အဖြစ် စီးဝင်သွားသောမြစ်ဖြစ်သည်။
တရုတ်နိုင်ငံ၏ ယာလောင်း ကျန်းပိုရေအားလျှပ်စစ်ဆည် စီမံကိန်းကြောင့် တိဘက်ကုန်းမြင့်ဒေသ၏ ပတ်ဝန်းကျင်ဂေဟစနစ်များ ထိခိုက်ပျက်စီးသွားနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများကလည်း သတိပေးထားသည်။
ယာလောင်းကျန်းပို ရေအားလျှပ်စစ်ဆည်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းစတင်မှုကို တရုတ်ဝန်ကြီးချုပ်လီချန်းက ကြေညာခဲ့ပြီးနောက် ဇူလိုင် ၂၁ ရက်တွင် တရုတ်စတော့ဈေးကွက်၌ အစုရှယ်ယာ ဈေးနှုန်းများမြင့်တက်လာကြောင်း သိရသည်။
ယာလောင်းကျန်းပို ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည် စီမံကိန်း သည် ယန်စီမြစ်ပေါ်တွင်တည်ဆောက်ခဲ့သော တောင်ကြားသုံး သွယ် ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည် စီမံကိန်းနောက်ပိုင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်အကြီးမားဆုံး ဆည်စီမံကိန်းဖြစ်သည်။
ရိုက်တာ

image