ငှက်ပျောဖူး ဝက်သားဟင်းထုပ် အတွက် လိုအပ်တာလေးတွေ…
အပြင်အခွံမာများခွါကာ ခပ်ကြမ်းကြမ်းလှီးထားသော ငှက်ပျောဖူး – ၃ ဖူး (လှီးပြီးနောက် ၆ ခွက် (၁၅၀၀ မီလီလီတာ) ခန့်)
လက်မအရွယ် အတုံးလေးများလှီးထားသော ဝက်သုံးထပ်သား – ၁ ကီလို
ကြက်သွန်ဖြူ – အမွှာကြီး ၁၀ မွှာ
အခွံခွါထားသော ဂျင်း – ၁ လက်မအရွယ်ခန့်
ဆား -ချိန်ဆ၍ ထည့်ပါ။
အရသာမှုန့် (chicken powder) – ချိန်ဆ၍ ထည့်ပါ။
ဆန်အစိမ်းမှုန့် (rice powder) –၅ ခွက် (၁၂၅၀ မီလီလီတာ)
ရေ – ချိန်ဆ၍ ထည့်ပါ။
ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
ဂျင်း နှင့် ကြက်သွန်ဖြူ ကို ရောပြီးထောင်းထားပါ။
လှီးထားသော ငှက်ပျောဖူးများကို ဆား (ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်) ဖြင့် အဖန်ရည်များထွက်လာအောင် ခပ်ဖွဖွ ဆုပ်နယ်ညစ်ပေးပြီးလျှင် ရေ (၂)ခါ ဆေးပါ။
ပြီးနောက် တစ်နာရီခန့်ရေစိမ်ထားပါ။
ရေထဲမှဆယ်ကာ ရေများ ခပ်ဖွဖွညစ်ထုတ်ထားသော ငှက်ပျောဖူး၊ ဝက်သား၊ ဆန်မှုန့်၊ ဆား ၊ အရသာမှုန့်၊ ထောင်းထားသော ဂျင်း နှင့် ကြက်သွန်ဖြူ တို့ကို ဇလုံတစ်လုံးထဲ ထည့်ပါ။
ပြီးနောက် မုန့်နှစ်ကို အရမ်းမကျဲ၊ အရမ်းမပျစ်သော အနေအထားရအောင် ရေကို နည်းနည်းနှင့် ဖြည်းဖြည်းချင်းထည့်ကာ နယ်ပေးပြီးနောက် ဆီ ထည့်၍ နှံ့သွားအောင် ထပ်နယ်ပေးပါ။ (ငှက်ပျောဖူးထဲတွင် ရေများကျန်သေးသဖြင့် တစ်ခါတည်း အများကြီးမထည့်ရပါ။)
ဆီနှံ့အောင်နယ်ပြီးလျှင် ပျော့သွားအောင် မီးအနည်းငယ်ကင်ကာ နှစ်ရွက်ထပ်ထားသော ငှက်ပျောဖက်ထဲ ဟင်းခပ်ဇွန်းကြီး ၁ ဇွန်းခန့် ခပ်ထည့်ကာ လုံအောင်ထုပ်ပေးပါ။
ထုပ်ပြီးသည့် အထုပ်များကို ပေါင်းမည့်အိုးထဲ မှောက်ထည့်ကာ အပေါ်မှ ငှက်ပျာရွက်တစ်ရွက်ဖုံး၍ အဖုံးလုံအောင်ဖုံးပြီး မီးပြင်းပြင်းဖြင့် ၁ နာရီခွဲခန့်ပေါင်းပေးပါ။
ပေါင်းပြီးနောက် ပူနွေးအိကာ အရသာရှိလှသော ငှက်ပျောဖူး ဝက်သားဟင်းထုပ်လေးကို ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီးဆီချက်လေးများထည့်ကာ သုံးဆောင်နိူင်ပါပြီ။
