ကျွန်တော်တို့ ဘ၀မှာ ပျော်ရွှင်မှုကို လိုချင်ကြပေမယ့် တကယ်တမ်း ၀မ်းနည်းမှု၊ကြောက်ရွံ့မှု၊ဒေါသတွေဟာ သူနေရာနဲ့သူ အရေးပါပါတယ်။အမြဲတမ်း ၀မ်းနည်းမှုကို ဖုံးကွယ်ရင်း ပျော်ရွှင်အောင်နေလို့ရပေမယ့်လည်း ကိုယ်အဆင်မပြေတာတွေကို ၀မ်းနည်းပြီးဖွင့်ဟလိုက်မှ ပျော်ရွှင်မှု အစစ်အမှန်ကို ရနိုင်မှာပါ။
ဒီရုပ်ရှင်လေးမှာဆိုရင်လည်း လူတွေရဲ့ စိတ်တွေက သက်ရှိလေးတွေ ဖြစ်ပြီး Riley ရဲ့ ကလေးအရွယ် စိတ်ထဲမှာလည်း ပျော်ရွှင်ခြင်းရယ်၊၀မ်းနည်းခြင်းရယ်၊စိတ်တိုခြင်းရယ်၊ရွံ့ရှာခြင်းရယ်နှင့် စိုးရိမ်ခြင်း ဆိုတဲ့သက်ရှိစိတ်လေးတွေရှိပါတယ်။အဓိက Riley ကို ပျော်ရွှင်ခြင်းကပဲ Riley ပျော်ရွှင်အောင်လုပ်ပေးရင်း သူတို့မိသားစုနဲ့လည်း ပျော်ရွှင်စရာအမှတ်တရ လေးတွေ ဖန်တီးပေးပြီး အရာရာအဆင်ပြေနေပါတယ်။Riley ရဲ့ အသက် ၁၁ နှစ်မှာတော့ Riley တို့ မိသားစုဟာ အိမ်ပြောင်းသွားခဲ့ပြီး အိမ်သစ်က အိမ်ဟောင်းလောက် နေလို့အဆင်မပြေတာကြောင့် Riley ရဲ့စိတ်ထဲက ၀မ်းနည်းခြင်းဟာလည်း နေရာယူလာပါတယ်။ဒါပေမယ့်လည်း ပျော်ရွှင်ခြင်းကပဲ Riley ၀မ်းမနည်းအောင် မျိုးစုံ လုပ်ပေးရင်း ၀မ်းနည်းခြင်းကို ဖုံးကွယ်ဖို့ ကြိုးစားနေပါတယ်။နောက်တော့ ၀မ်းနည်းခြင်း နှင့် ပျော်ရွှင်ခြင်းတို့ Riley ရဲ့ ငယ်ငယ်က အမှတ်တရ ဖန်လုံးလေးတွေကို လုကြရင်း ပြွန်တစ်ခုကနေ ၀မ်းနည်းခြင်းရော ပျော်ရွှင်ခြင်းပါ Riley ရဲ့ ကြာရှည်မှတ်ညာဏ်ထိမ်းသိမ်းရာကိုရောက်သွားကြပါတယ်။ပျော်ရွှင်ခြင်းရော ၀မ်းနည်းခြင်းရော မရှိတော့တဲ့ Riley ရဲ့ခေါင်းထဲမှာ ဒေါသထွက်ခြင်းက နေရာယူလာပါတယ်။ထိန်းချုပ်စခန်းမှာ ပျော်ရွှင်မှု မရှိတာကြောင့် Riley လည်း ပျော်ရွှင်မှုပျောက်ဆုံးလာရင်း Riley ငယ်ငယ်က အမှတ်တရတွေပါ ပျောက်စီးလာတဲ့အခါ ပျော်ရွှင်ခြင်း နှင့် ၀မ်းနည်းခြင်းတို့ ထိန်းချုပ်စခန်းကို ပြန်သွားကြဖို့ ကြိုးစားပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။ထိန်းချုပ်စခန်းကို ပြန်ရောက်ဖို့ ကြိုးစားရင်း လမ်းမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေအပြင် ၀မ်းနည်းခြင်း ဆိုတာကလည်း လူတစ်ယောက်မှာ လိုအပ်တဲ့ စိတ်တစ်ခုဆိုတာကို အလှပဆုံပုံဖော်ထားပါတယ်။
ဒီရုပ်ရှင်ကို ကလေးတွေအတွက်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ကလေးတွေအတွက်တော့ ကြည့်ပျော်လောက်ပဲ နားလည်နိုင်ပေမယ့် လူကြီးတွေအတွက် တွေးစရာတွေ အများကြီး ကျန်ခဲ့မယ်ဆိုတာအသေအချာပါပဲ။ဒါကြောင့် "Inside Out (2015)" ဆိုတဲ့ ကာတွန်းကားလေးတွေကို ကြည့်ကိုကြည့်သင့်တာမလို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။