လူကောင်းလို့ ထင်မိတာကိုက ပြဿနာ ဖြစ်လာတော့တာပဲ
အချစ်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ကုမရတဲ့ရောဂါတစ်ခုကတော့ ထူးခြားတဲ့လူနဲ့ တွေ့ချင်ကြတာပဲ ။ ဒါဟာ လူတိုင်းရဲ့ ရောဂါတစ်ခုလိုပဲ မဟုတ်လား ။ ဒီလိုသာ ပြောရတာ အဲ့လိုလူ မဟုတ်နိုင်ဘူးဆိုလည်း ဘာလို့ ချစ်နေကြဦးမှာလဲ မဟုတ်လား ။ ဒါပေမယ့်လည်း ချစ်ကြရတာပါပဲ ။
အချစ်ရေးနဲ့ ပတ်သက်တဲ့အခါ ကျွန်တော်တို့က ကိုယ့်ကို သူများနဲ့ မတူအောင် နားလည်ပေးမယ်လူ ၊ ကိုယ့်ကို အမြဲ နှစ်သိမ့်ပေးနိုင်မယ့်လူ ၊ ကိုယ့်ရဲ့ dark side တွေကို လက်ခံပေးနိုင်မယ့်လူ စတဲ့ တောင်းဆိုမှုတွေကို ဇယားပြ ၊ listထုတ်ပြီး တစ်ယောက်ယောက်ကို တွေ့တာနဲ့ ဟား…ဒီလူကတော့ လူကောင်းပဲဆိုပြီး ကြိုက်ကြရာကနေ စတင်ကြတာပါပဲ ။ ဟုတ်တယ် မဟုတ်ပါလား ဒီလိုကနေ ဘဝမှာ
အသဲတွေ တစ်ခါကွဲ ၊ နှစ်ခါကွဲ ၊ သုံးခါကွဲတွေ ဖြစ်လာကြတော့တာပါပဲ ။
တကယ်တော့ ကျွန်တော်တို့ကို နာကျင်ခံစားစေတာလည်း အဲ့လူက လုပ်တာမဟုတ်ဘဲ အဲ့လူအပေါ်ထားမိတဲ့ကျွန်တော်တို့ရဲ့ ခံစားချက် ၊ မျှော်လင့်ချက်တွေက ကျွန်တော်တို့ကို နာကျင်စေကြတာပါပဲ ။ ဒီလူကတော့ ငါ့ကို ဒီလို မလုပ်လောက်ဘူး ထင်ပေမယ့် လုပ်သွားတာ ၊ ဒီလူကတော့ ငါ့ကို မဖောက်ပြန်လောက်ဘူး ထင်ခဲ့ပေမယ့် ဖောက်ပြန်သွားတာ ၊ မညာလောက်ဘူး ထင်ပေမယ့် ညာသွားတာ ၊ ငါ့ကို အမြဲ ချစ်နေပေးမှာလို့ ထင်ပေမယ့် ချစ်မနေတော့တာ စတဲ့ အဲ့လူအပေါ် ထားလိုက်မိတဲ့ မျှော်လင့်ချက်တွေကပဲ ပြန်ပြီး ကျွန်တော်တို့ကို ခံစားရစေတာပါ ။ ငါကတော့ သူ့ကို ယုံကြည်လိုက်ရတာ သူကတော့ ဘယ်လိုဆိုပြီး အသဲကွဲခါစမှာ ငိုကြသလိုမျိုးပေါ့ ။
ဒါကြောင့် အချစ်ကို ဘယ်လို ကိုင်တွယ်ကြရမလဲ ။
ကျွန်တော်လည်း အသဲလည်း ကွဲနေတုန်းပါပဲ ၊ ကုစားနေတုန်းပါပဲ ၊ အသဲကွဲတိုင်းလည်း လောကကြီးကို စိတ်ကုန်တတ်တုန်းပါပဲ ဒါပေမယ့် အခုနောက်ပိုင်းတော့ စည်းမျဉ်းတစ်ခု ချထားလိုက်တယ် ။
လူကို လူအတိုင်းပဲ ချစ်ပါဆိုတဲ့ါစည်းမျဉ်းပေါ့ ။ လူတစ်ယောက်ကို ချစ်တဲ့အခါ အဲ့လူကိုပဲ တောင်းဆိုမှုတွေနဲ့ ဒီလူကတော့ ကောင်းမှာ ၊ ဒီလူကတော့ ငါ့ကို တစ်ဘဝလုံး ချစ်မှာ သေချာတယ် ၊ ဒီလူကတော့ ငါ့ကို အမြဲ နားလည်နေမှာ သေချာတယ် စတာတွေ လုံးဝ မတွေးတော့ဘဲ လူသားဆန်ဆန်ပဲ… သူလည်းပြောင်းလဲနိုင်တယ် ၊ သူလည်း ငါ့အပေါ် နားမလည်တာမျိုး ဖြစ်လာနိုင်တယ် ၊ သူလည်း ငါ့ထက်စိတ်ဝင်စားတဲ့လူ ရှိလာနိုင်တယ် ။ ဒီဂရုစိုက်မှုတွေကလည်း ခဏတာလည်း ဖြစ်နိုင်တယ် ၊ သူလည်း အရမ်းမရင့်ကျက်သေးတဲ့လူ ဖြစ်နိုင်တယ် ၊ သူလည်း ဘဝအတွက် ငါ မဟုတ်တဲ့ တစ်ခြားလူကို ရွေးချယ်သွားမှာမျိုး ဖြစ်နိုင်တယ် ၊ သူလည်း တစ်နေ့မှာ ငါ့ထက် ဘဝအတွက်အရေးကြီးတာတွေကို ရွေးသွားနိုင်တယ် စတဲ့ လူကို လူလိုပဲမြင်အောင် ကြည့်တော့တယ် ။
လူဟာ ပြောင်းလဲတတ်တယ် ။ လူဟာ မိမိကိုယ်ကို အချစ်ဆုံးပဲ စတဲ့ ကောင်းတဲ့အချက်တွေတင် မဟုတ်ဘဲ မကောင်းတဲ့အချက်တွေပါမြင်အောင် ကြည့်ပြီးမှ
ငါကတော့ သူ့ဖြစ်တည်မှုကိုပဲ သဘောကျတာပါ ၊ သူ့ရဲ့ကောင်းခြင်းတွေမက ဆိုးခြင်းတွေပါရှိလည်း ဘဝမှာ သူနဲ့တော့ အခိုက်အတန့်တစ်ခု ဖြတ်သန်းချင်ပါတယ် ဆိုတဲ့ လူကိုမှပဲ ချစ်တော့တယ် ။
ခံစားရတာတွေတော့ နည်းသွားတာပေါ့ ။ ခဏခဏ ချော်လဲဖူးတော့ မပြေးဘဲလည်း မနေနိုင်ပြန်တော့ အကာအကွယ်လေးနဲ့ ပြေးရတော့တာပေါ့ ။ အလုံးစုံ မထိခိုက်တော့တာ မဟုတ်ပေမယ့် ချော်လဲတဲ့အခါလည်း ငါချော်လဲနိုင်တာ ငါသိပါတယ် ပြေးဆော့ချင်လို့ကိုဆော့တာ ဆိုပြီးတော့ ပြုံးတော့ပြုံးနိုင်တာ တစ်ခုအမြတ်ပါ ။
#nayvel #ပန်းခြံနှင့်ဥယျာဉ်မှူး
