မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ် မြို့နယ်ခြောက်ခုမှာ ရေကြီး
ဇူလိုင် ၁၀ ၊ ၂၀၂၅
CC (VOM)
ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ် ခြောက်ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။
ကျောက်တော်မြို့နယ်၊ မင်းပြား ၊ပုဏ္ဍားကျွန်း ၊ မြောက်ဦး ၊ ဘူးသီးတောင်၊မောင်တော မြို့နယ်တွေထဲက ကျေးရွာပေါင်း ၅၀ ထက်မနည်းမှာရှိတဲ့ ဒေသခံပြည်သူတွေမှာ ရေကြီးမှုဒဏ်ကို ခံစားနေကြရတာဖြစ်တယ်လို့သိရပါတယ်။
" ကျောက်တော်မှာက ၁၀ ရွာလောက်ရေနစ်နေတယ်။မင်းပြားမှာလည်း ရွာ ၁၄ ရွာလောက်ရေကြီးနေတယ်။ဘူးသီးတောင်မှာက ရွာ ၂၀ လောက်ရှိမယ်။မြောက်ဦးမှာ ရွာ ၁၀ရွာလောက်နစ်နေတယ်သိရတယ်။ကျန်တဲ့နေရာတွေလည်း ရေကြီးနေတော့ အကုန်အကူအညီတွေလိုနေတယ်။အကူအညီရရှိမှုတွေအရမ်းနည်းနေတယ်။" လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။
လက်ရှိရေကြီးမှုဒဏ်ကို ခံစားနေရတဲ့ ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်တွေမှာ ကုန်းမြင့်ရာကို ယာယီရွှေ့ပြောင်းနေထိုင်သူရှိသလို ဘုန်းကြီးကျောင်း၊ဆွေမျိုးတွေအိမ်နေထိုင်သူရှိပြီး နှစ်ထပ်အိမ်တွေကတော့ နေအိမ်မှာပဲဆက်နေထိုင်နေတာမျိုးလည်းရှိတယ်လို့သိရပါတယ်။
ရေကြီးနေတာကြောင့် သွားလာရေးခက်ခဲနေပြီး အလုပ်လုပ်နိုင်ခြင်းမရှိ စားဝတ်နေရေးအတွက် အစားအသောက်အ ကူညီတွေလိုအပ်နေသလို သောက်ရေသန့်လည်း လိုအပ်နေတယ်လို့သိရပါတယ်။
" ရေကြီးနေတော့ ဘာမှလုပ်မရဘူး။ကျောက်တော်နဲ့မြောက်ဦးဘက်ဆို ရေငါးပေလောက်အထိတက်နေတယ်။ မင်းပြားဘက်ဆိုလည်းအခြေအနေဆိုးတယ်။ရေဘေးသင့်သူတွေအတွက် အကူအညီတွေလိုနေတယ်။ " လို့ သူကထပ်မံပြောပါတယ်။
ဇူလိုင်လဆန်းကတည်းက လက်ရှိအချိန်ထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မြစ်ရေမြင့်တက်လာတဲ့အတွက် ချောင်းတလျှောက်ရှိ ရွာတွေနဲ့ အနိမ့်ပိုင်းရွာတွေမှာ ရေကြီးမှုတွေဖြစ်ပွား နေတာဖြစ်ကြောင်း၊ ရေကြီးမှုရက်ကြာလာတဲ့အတွက် အကူအညီတွေပိုပြီးလိုအပ်လာနေတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိရေကြီးနေတဲ့မြို့နယ်တွေဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - APM