#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ နိုင်ငံရေးပြစ်မှုလွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ဥပဒေကြမ်းများ ထိုင်းလွှတ်တော်ဆွေးနွေး
နှစ်ပေါင်း(၂၀)ကြာ နိုင်ငံရေးကသောင်းကနင်း ဖြစ်စဉ်များအတွင်း ပေါ်ပေါက်ခဲ့သည့်ဆန္ဒပြပွဲများနှင့် ဆက်စပ်နေသော ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခံထားရသူများကိုလွတ်ငြိမ်း ချမ်းသာခွင့်ပေးမည့် ဥပဒေကြမ်းများအား ထိုင်းလွှတ်တော်က ဇူလိုင် ၉ ရက်တွင် စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံရေးပြစ်မှုများဖြင့် တရားစွဲခံထားရသူများအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် တောင်းဆိုထားသော အထက်ပါဥပဒေကြမ်းလေးခုကို ထိုင်းနိုင်ငံရေးပါတီလေးပါတီနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများက လွှတ်တော်သို့တင်သွင်းထားခြင်းဖြစ်သည်။
၎င်းဥပဒေကြမ်းလေးခုတို့တွင် ၂ဝဝ၅ ခုနှစ်နောက်ပိုင်းဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများနှင့် ဆက်စပ်နေသည့် နိုင်ငံရေးပြစ်မှုအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် ၂ဝဝ၅ ခုနှစ်နောက်ပိုင်း စစ်အာဏာသိမ်းပွဲနှစ်ပွဲ၊ တရားရုံးအမိန့်များဖြင့် ဝန်ကြီးချုပ်သုံးဦးဖယ်ရှားခံရမှုနှင့် လမ်းပေါ်ဆန္ဒပြပွဲများအပါအဝင် နိုင်ငံရေးကသောင်းကနင်းဖြစ်စဉ်များနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုင်းပြည်သူများအနေဖြင့် နှစ်ပေါင်း (၂၀) ကြာမျှ နိုင်ငံရေးကသောင်းကနင်းဖြစ်စဉ်များ၌ ပါဝင်ခဲ့ကြရသည်ဖြစ်ရာ ထိုအခြေအနေကို အဆုံးသတ်ရမည်ဖြစ်ကြောင်း လက်ရှိအာဏာရ ပွေထိုင်းပါတီ တာဝန်ရှိသူများက ပြောကြားထားသည်။
ပွေထိုင်းပါတီသည် ၂၀၁၃ ခုနှစ်ကလည်း နိုင်ငံရေးပြစ်မှုဖြင့် တရားစွဲခံထားရသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ဥပဒေကြမ်းကိုအတည်ပြုရန် ကြိုးပမ်းခဲ့ရာအကျိုးဆက်အားဖြင့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အာဏာသိမ်းပွဲဖြင့် အရပ်သားအစိုးရအဖွဲ့ဖြုတ်ချခံခဲ့ရသည်။
၂၀၀၆ ခုနှစ်မှစ၍ ထိုင်းနိုင်ငံ၌နိုင်ငံရေးလှုပ်ရှားမှုများနှင့် ဆက်စပ်နေသော ပြစ်မှုများဖြင့်တရားစွဲခံထားရသူ ၅ဝဝဝ ကျော်အထိ ရှိကြောင်း သိရသည်။
ရိုက်တာ

image