မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ်(၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူဖမ်းမိ
ပြည်တွင်း၌ မူးယစ်ဆေးဝါးကို ကွမ်းယာရောင်းသလိုရောင်းနေကြပြီလားဟုစောကြောလာကြချိန်၊အာဏာပိုင်များ အတွက် စိန်ခေါ်ခံနေရချိန်၊စီးပွားအဖြစ်လုပ်ကိုင်နေသူများအား ပြည်သူက အမျိုးသားရေးအမြင်ဖြင့် ဒေါက်ထောက် ကြည့်လာနေချိန်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ် (၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၂ ရက်နေ့လည် ၃ နာရီက ကျောက်ဆည်နှင့်မိတ္ထီလာခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာအနီး၌ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မိုင်းရယ်ဘက်မှ မန္တလေးဘက်သို့ သန်းအောင်စိုး(ခ)မျောက်ကြီးမောင်းကာ ဝိုင်ခန့် လိုက်လာသည့် NISSAN DIESEL (၆)ဘီးကားကို ရှာဖွေစစ်ဆေးရာမှ ဘိန်းဖြူ(၁၄၈ ဒသမ ၇၉၇) ကီလိုကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ဘိန်းဖြူများအား မိုင်းရယ်မြို့မှ မန္တလေးမြို့သို့သယ်ဆောင်ခိုင်းသူ နန်းသီရိအောင်၊ မူးယစ်တရားခံပြေး ဟန်ထွန်းနိုင်(ခ)စိုင်းကျော်မိန်းနှင့် စောရန်နိုင်တို့အား ဇွန် ၂၆ ရက်နေ့လည် ၁ နာရီတွင် လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွားကားလမ်း၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ဇွန် ၂၉ ရက်မွန်းတည့် ၁၂ နာရီခွဲတွင်လည်း မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူး ပေါင်းပါဝင်သူ မူးယစ်တရားခံပြေး ဘုန်းမြင့်ကျော် (ခ)ဦးတီပွားနှင့် ဇော်ဇော်နောင်(ခ)ကိုနောင်တို့အား အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်ရှိနေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါးများကိုလွှဲပြောင်းပေးခဲ့သူ များသည် သီပေါမြို့နယ်၊ ကုန်းသာကျေးရွာနေ အောင်ဖြိုးသူနှင့် မိုင်းရယ်မြို့နေ စိုင်းစောတို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရကာ ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားကာ ဖမ်းဆီးရန်ကျန်ရှိသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။