ငလျင်ဒဏ်သင့်စက်ရုံ၊ အလုပ်ရုံများ ပြန်တည်ဆောက်ရေးအတွက်ချေးငွေထုတ်ပေးမည်
နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးရန်ပုံငွေတစ်ရပ်ထူထောင်၍ငလျင်ဒဏ်သင့်ဒေသများရှိ လုပ်ငန်းသုံးစက်ရုံ၊ အလုပ်ရုံများ ပြန်လည်တည်ဆောက်ရေးအတွက်MSMEs ချေးငွေထုတ်ပေးရန်ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကို ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက် ဗဟိုဘဏ်အနေဖြင့် MSMEs လုပ်ငန်းများအတွက် ဘဏ်များမှ ချေးငွေထုတ်ချေးပေးနိုင်ရေး၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် အဆင်ပြေချောမွေ့စေရန် e-payment အားကောင်းလာစေရေးတို့အတွက် ကူညီပံ့ပိုးပေးလျက်ရှိသည်။
MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ရာတွင် ဘဏ်လုပ်ငန်းကဏ္ဍသည် Financing ပေးရာ၌ အဓိကပံ့ပိုးပေးသည့် ကဏ္ဍတစ်ခုဖြစ်ပြီး ပါဝင်ဆောင်ရွက်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ (Participating Financial Institutions - PFIs) ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၈) ဘဏ်တို့က သက်ဆိုင်ရာဘဏ်၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ နှစ်ဆင့်ထပ်ချေးငွေအစီအစဉ်ဖြင့်လည်းကောင်း၊ အခြားချေးငွေအစီအစဉ်နှင့် ကိုဗစ်ချေးငွေအစီအစဉ်များဖြင့်လည်းကောင်း စိုက်ပျိုးရေးမွေးမြူရေး၊ စက်မှုလက်မှု/ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှု၊ အထွေထွေ၊ ဌားဝယ်/ရောင်းစသည့် စီးပွားရေးတိုးတက်မှု အထောက်အကူပြုကဏ္ဍများ သို့ MSMEs ချေးငွေများအား သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် MSMEs လုပ်ငန်းများအနေဖြင့် ကုန်ထုတ်လုပ်မှုဆောင်ရွက်ရာတွင် ပြည်တွင်းငွေပေးချေမှုများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် လွယ်ကူစွာ အသုံးပြုဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။