#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန်တွင် ဝက်သက်ရောဂါဖြစ်ပွားမှု (၃၃)နှစ်အတွင်း ပြန်လည်မြင့်တက်လာ
အမေရိကန်နိုင်ငံတွင် ဝက်သက်ရောဂါဖြစ်ပွားမှုသည် ၃၃ နှစ်အတွင်း ပြန်လည်မြင့်တက်လာပြီး လွန်ခဲ့သည့် သီတင်းပတ်ကုန်ပိုင်းထိ နိုင်ငံတစ်ဝန်းတွင်အတည်ပြုလူနာ ၁၃ဝဝ နီးပါးရှိကြောင်း တာဝန်ရှိသူများက ဇူလိုင် ၇ ရက်တွင် ပြောသည်။
ဂျွန်ဟော့ကင်းတက္ကသိုလ်က ပြုစုထုတ်ပြန်လိုက်သော အချက်အလက်များသည် တစ်ချိန်ကအမေရိကန်တွင် အဆုံး သတ်မည်ဟု ယူဆခဲ့ပြီး ကြိုတင်ကာကွယ်ဆေးထိုးနှံနိုင်သော ဝက်သက်ရောဂါ ဖြစ်ပွားမှု မှတ်တိုင်သစ်တစ်ခုလည်းဖြစ်သည်။
ယခုနှစ်တွင် အမေရိကန်ပြည်နယ် ၃၈ ပြည်နယ်နှင့် ကိုလံဘီယာခရိုင်တို့တွင် ဝက်သက်ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ရောဂါကြောင့် လူသုံးဦးထက်မနည်းသေဆုံးကာ ၁၅၅ ဦးဆေးရုံတင်ခဲ့ရသည်။
ကူးစက်ခံရသူ ၉၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေးမထိုးရသေးသူများ သို့မဟုတ် ကာကွယ်ဆေးထိုးထားမှုအခြေအနေကို မသိရှိသူများဟု ရောဂါထိန်းချုပ်ရေးစင်တာကပြောသည်။
ကူးစက်မှုအဆိုးရွားဆုံးမှာ တက္ကဆက်ပြည်နယ်ဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၇၀၀ ကျော်ရှိသည်။ ကင်းဆတ်နှင့် နယူးမက္ကဆီကိုအပါအဝင် အခြားပြည်နယ်များတွင်လည်း ဝက်သက်ရောဂါကူးစက်ခံရသူ ဒါဇင်နှင်ချီပြီးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
မကြာသေးမီးနှစ်များအတွင်း အမေရိကန်နှင့်အခြားနိုင်ငံများတွင်ကာကွယ်ဆေးထိုးနှံခြင်းများအပေါ် ဆန့်ကျင်မှုများတိုးပွားလာသည်နှင့်အမျှ ရောဂါဖြစ်ပွားမှုများလည်း တိုးပွားလာနိုင်ကြောင်း ရောဂါ ထိန်းချုပ်ရေးဌာနက သတိပေးထားသည်။
ဘီဘီစီ