အစွမ်းထက်သောကျောက်ဖြူလုံးလေးပုံပြင်

တစ်ခါတုန်းက ရွာတစ်ရွာတွင် အလွန်ရိုးသားသော မောင်ကောင်းဆိုသည့် လူငယ်တစ်ဦး ရှိလေသည်။ မောင်ကောင်း နေထိုင်သောရွာသည် မြို့ကြီးပြကြီးနှင့် အလွန်ဝေးကွာလှသည်။ မြို့သို့ သွားလိုသောအခါ ရေလမ်းခရီးကိုသာ အသုံးပြုရလေ သည်။ မောင်ကောင်းသည် ဝါးဖြင့် ခြင်း၊ တောင်း၊ ပလုံးတို့ကို ရက်လုပ်ကာ မြို့သို့ သွားရောက်ကာ ရောင်းချလေ့ရှိသည်။ မောင်ကောင်း ရက်လုပ်သော ခြင်း၊ ဟောင်း၊ ပလုံးတို့မှာ လက်ရာသေသပ်လှပသဖြင့် မြင်တွေ့သူတိုင်းက သဘောကျကာ ဝယ်ယူ သွားကြလေသည်။

တစ်ညတွင် မောင်ကောင်းသည် အိပ်ပျော်နေရာမှ ခေါ်သံတစ်ခုကြောင့် လန့်နိုး သွားလေသည်။

"ပော့ မောင်ကောင်း၊ ထစမ်းပါဦး။ မင်းကို မှာကြားစရာရှိလို့"

"ဟင် အဘိုး၊ ဘာများ မှာကြားစရာ ရှိလို့ပါလဲ"

"မောင်ကောင်း၊ မနက်ဖြန်နံနက်ကျရင် မင်းခြံထဲက သစ်ပင်ရင်းကို တူးကြည့်။ ကြက်ဥအရွယ် ကျောက်ဖြူဖြူလေးတစ်လုံးကို တွေ့လိမ့်မယ်။ အဲဒီကျောက်ဖြူလေးဟာ အလွန်အစွမ်းထက်တယ်။ ကိုယ်တစ်ခြမ်းသေနေတဲ့လူတွေကို ကျောက်ဖြူကလေးနဲ့ ထိပြီး ပွတ်ချလိုက်တာနဲ့ ပြန်ကောင်းသွားစေလိမ့်မယ်။ မင်းဟာ ကျောက်ဖြူလေးရဲ့ အစွမ်းကြောင့် ဆေးဆရာအဖြစ် နာမည်ကြီးလာပြီး လူနာတွေ အများကြီးရောက်လာကြ လိမ့်မယ်။ ဆေးကုသခကိုတော့ လူနာတွေ ပေးနိုင်သလောက် ပေးတဲ့ငွေကိုသာ လက်ခံပြီး ကုသပေးပါ။ ဆေးကုသခကိုမတန်တဆမတောင်းပါနဲ့။ လူသားအားလုံးကိုဇီဝိတဒါန လို့ သဘောထားပြီး ကုသပေးပါ။အဘိုးမှာတဲ့စကားကို လိုက်နာပါ လူလေး" ဟုပြောဆို ကာအဘိုးအိုမှာ ပျောက်သွားလေသည်။ နံနက်လင်းလျှင် မောင်ကောင်းသည် ခြံဝင်းထဲ မှ သစ်ပင်ရင်းကို တူးကြည့်ရာ အိပ်မက်ထဲမှ အဘိုးအိုပြောသည့်အတိုင်း ကြက်ဥသဏ္ဌာန် ကျောက်ဖြူလေးတစ်လုံးကို တွေ့ရလေသည်။

"အဘိုးအိုပြောသလို ကျောက်ဖြူလုံးမှာ အစွမ်းသတ္တိရှိ၊ မရှိကို သိရအောင် လူနာ
တွေကို ကုသကြည့်ရမယ်"

မောင်ကောင်း သည် ရွာထဲမှ ကိုယ်တစ်ခြမ်းသေနေသူ၏ ခန္ဓာကိုယ်ကို ကျောက်ဖြူလုံးလေးနှင့် ပွတ်သပ်ပေးလိုက်ရာ ခြေလက်တို့မှာ ပြန်လည်လှုပ်ရှားလာ နိုင်ပြီး မကြာမီ လူနာသည် လူကောင်းပကတိ ပြန်ဖြစ်သွားသည်။

မောင်ကောင်းသည် အခြားရွာမှ လူနာများကိုလည်း ကုသပေးရာ ပျောက်ကင်း သွားကြသည်။ ထို့ကြောင့် မောင်ကောင်းသည် ဆေးကုတော်သော ဆေးဆရာအဖြစ် ကျော်ကြားသွားလေသည်။ ထိုသတင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ရောဂါဝေဒနာရှင် များသည် မောင်ကောင်းထံသို့ လာရောက် ဆေးကုသကြသည်။ လူနာရှင်များက မောင်ကောင်းကို ဆေးကုသခပေးကြသည်။ မောင်ကောင်းသည် သဒ္ဓါသလောက် ပေးသောငွေကိုသာ ယူပါရစေဟု မေတ္တာရပ်ခံ၏။ သို့သော် လူနာများက ရောဂါဝေဒနာ ပျောက်ကင်းသွားသဖြင့် ငွေများစွာကို ကန်တော့ကြသည်။

အချိန်ကာလ ကြာလာသောအခါ မောင်ကောင်းသည် ငွေများများရလျှင် ငါ ချမ်းသာပြီဆိုသည့်အတွေးနှင့် လောဘတက်လာသည်။လူနာများထံမှ ဆေးကုသခကို အဆမတန် တောင်းခံသည်။ အဘိုးအို၏ စကားကို မျက်ကွယ်ပြုထားလေသည်။

တစ်နေ့နံနက် မောင်ကောင်းအိပ်ရာမှနိုးလျှင် ဘုရားစင်ရှေ့စားပွဲပေါ်ရှိ ကတ္တီပါ စပေါ်တွင် တင်ထားသော ကျောက်ဖြူလုံးလေးကို မတွေ့ရတော့ပေ။ ထိုအခါ မောင်ကောင်း သည် ကျောက်ဖြူလုံးလေးကို အတုပြုလုပ်ကာ လူနာများကို ဆေးကုသလေသည်။ ရောဂါဝေဒနာမပျောက်သဖြင့် လူလိမ်လူညာဟုအပြစ်တင်ခံရသည်။ ထိုသတင်းကြောင့် မောင်ကောင်းထံသို့ မည်သူမျှ ဆေးကုသရန် ရောက်မလာတော့ပေ။

မောင်ကောင်းသည် အိပ်မက်ထဲမှ အဘိုးအား ပေးထားသော ကတိသစ္စာကို ချိုးဖောက်မိ၍ ယခုကဲ့သို့ ဖြစ်ရသည်ကို နောင်တရမိသည်။ မောင်ကောင်း၏ သစ္စာမဲ့ မှုကြောင့် ဆေးဝါးတို့၏အစွမ်းသတ္တိများ ပပျောက်ခဲ့ရသည်။ အစွမ်းထက်သည့် ဆေးဝါး များ၊ အဆောင်များသည် ဆေးဆရာ၏ လောဘစိတ်ကြောင့် ပပျောက်တတ်သည်ကို တွေးရင်း မောင်ကောင်းမှာ ငိုနေပါတော့သည်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image