မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
******************
(မှုခင်း) ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ဇူလိုင် ၂ ရက်နေ့ က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂ ရက် ညနေ ၄ နာရီအချိန်ခန့်က အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက် ၁၂ လမ်းအတိုင်း ကိုကိုဝင်း (ခ)သူရဝင်း၊ မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ (တစ်ပြားလျှင် ကျပ်၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၂၀)အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီအချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၌ ဆေးပြားများရောင်းချပေးသူ မျိုးမင်းအား ဆိုင်ကယ်တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည့်အပြင် ညနေ ၆ နာရီတွင် ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်နေ ဖြိုးကျော်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်း၏နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀၀၀ (တန်ဖိုးငွေကျပ်သိန်း ၁၈၄၀) နှင့် ဘိန်းဆီခဲ ၂၇ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၆၇၅ သိန်း)တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံများအား သက်ဆိုင်ရာ ဥပဒေများအတိုင်းအမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။