အမြွှာဆင်ကလေး ကျော်ပုလဲ သေဆုံး 
DVB 
မိခင်ဆင်မကြီးကခလုတ်တိုက်မိလို့ ခါးအောက်ပိုင်းချိနဲ့သွားတဲ့ အမြွှာဆင်ကလေး ကျော်ပုလဲဟာ ဇူလိုင် ၆ ရက်က သေဆုံးသွားပြီလို့ ဝင်္ဂဘော်ဆင်စခန်းဆီက သိရပါတယ်။ 
“အများပြည်သူတို့ စိုးရိမ်နေခဲ့သလိုဘဲ ၆.၇.၂၀၂၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှာ ကျော်ပုလဲလေး သေဆုံးသွားပါတယ်။ သူ့ရဲ့ အသက်မဲ့ခန္ဓာကိုယ်လေးအား ခွဲစိတ်စစ်ဆေးခဲ့ရာမှာလည်း ကျောရိုး၊ မြီးခုံရိုးဆစ်များ လွဲဟနေပြီး ကျောရိုးမကြီး၏ နာဗ်ကြောကိုဖိမိထားသဖြင့် နောက်ပိုင်းသေခဲ့ရကြောင်း တွေ့ရှိရပါတယ်။ ဆင်လေးကျော်ပုလဲအား ယနေ့နံနက်ပိုင်းတွင် ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပြီးစီးပြီ ဖြစ်ပါသည်။ ကျော်ပုလဲလေးကို ဆင်စခန်းအတွင်း အမှတ်တရအုတ်ဂူလေးတည်ဆောက်ပြီး ထားရှိဖို့လည်း စီစဉ်ထားရှိပါတယ်” လို့ ဆင်စခန်းက ထုတ်ပြန်ပါတယ်။ 
အသက် ၁၀ လအရွယ် ကျော်ပုလဲဟာ ပြီးခဲ့တဲ့မေလ ၃ ရက်မှာ မိခင်ဆင်မကြီးက အိပ်နေတာက လန့်ပြီးထလိုက်ချိန် ခလုတ်တိုက်မိတာဖြစ်ပြီး ထိခိုက်ပွန်းပဲ့ခဲ့သလို ကျောရိုးမကြီးနဲ့ မြီးခုံရိုးထိခိုက်လို့ လမ်းမလျှောက်နိုင်ဖြစ်ခဲ့တာပါ။ 
 
#ဆင် #ကျော်ပုလဲ #ဝင်္ဂဘော်



 
 
		  
		 
		 
		 
		 
		 
                