ငယ်စဉ်ကတည်းက လိုအပ်ရင် ဘာဘာညာညာ ထည့်လို့ ရအောင်ဆိုပြီး ကြွပ်ကြွပ်အိတ်တစ်လုံးကို အိတ်ထဲဆောင်ပြီး ခေါက်ထည့်ယူသွားလေ့ ရှိပါတယ် ။ ကြီးလာတော့လည်း အဲဒီအကျင့်လေး ဆက်ပါလာတယ် ။ ဘာဘာညာညာ ထည့်ဖို့တော့ မဟုတ်ပါဘူး ။ အပြင်သွားရင်း လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ သူတို့ဆီက အတင်းတွေ ၊ အဖျင်းတွေ ၊ ကဲ့ရဲ့စကားတွေ ၊ ရန်လိုမှုတွေ ၊ အထင်သေးအကြည့်တွေ ၊ အပေါ် ယံအပြုံးတွေ ၊ တိုက်ခိုက်မှုတွေ ဒါမျိုးတွေ ပေးလာတဲ့အခါ အဲဒီကြွပ်ကြွပ်အိတ်ထဲ ထည့်ထားဖို့အတွက် အိတ်လေးဆောင်ထားတာပါ ။
ပေးလာသမျှ ၊ ပြောလာသမျှ ၊ ကြုံရသမျှတွေ အားလုံးကို ရင်ထဲ မထည့်တော့ပါဘူး ။ ညနေ အိမ်ပြန်ရောက်တဲ့အခါ မကောင်းတာတွေ ထည့်လာတဲ့ ကြွပ်ကြွပ်အိတ်ထုပ်ကို အမှိုက်ပုံးထဲ တစ်ခါတည်း ပစ်လိုက်ပါတယ် ။ သိပ်ပေါ့ပါးသွားတာပါပဲ ။ ဘယ်သူတွေ ဘယ်လို မကောင်းတဲ့ အရာပေးပေး ၊ ဘယ်လို မကောင်းတာတွေ လုပ်လုပ် ၊ ဘယ်လောက် တိုက်ခိုက် တိုက်ခိုက် ၊ ဆောင်ထားတဲ့ ကြွပ် ကြွပ်အိတ်လေးထဲ တန်းထည့်ထားလိုက်တာမို့ ဘယ်အပူမှ ရင်ထဲထိ ရောက်မလာတော့ပါဘူး ။ ပြောတဲ့သူ ၊ လုပ်တဲ့သူတွေလည်း ကျေနပ်သွားမယ် ။ မိမိကိုယ်တိုင်လည်း စိတ်မပင်ပန်းတော့ပါဘူး ။
လောကမှာ ရှင်သန်တဲ့အခါ လူတွေနဲ့ မကင်းနိုင်ဘူးဆိုတော့လည်း ကောင်းခြင်း ၊ ဆိုးခြင်း မျိုးစုံကြုံရမှာပါပဲ ။ အရေးကြီးတာက မိမိဘက်က လက်ခံခြင်း ၊ လျစ်လျူရှုခြင်း ၊ တုံ့ပြန်ခြင်း ၊ ခံစားခြင်း စတာတွေကို ပိုင်းခြားရွေးချယ်နိုင်တဲ့ အသိဉာဏ်ရှိဖို့ပါပဲ ။ လက်မခံသင့်တာတွေကို လက်ခံပေးလိုက်မိရင် မိမိအတွက် အကျိုးမရှိဘဲ ပူလောင်ရမယ် ။ လျစ်လျူရှုသင့်တာကို လိုက်ခံစားမိရင်လည်း အချိန်ကုန်ပြီး ကိုယ့်တန်ဖိုးပါ ကျပါလိမ့်မယ် ။
ဒါကြောင့် နေ့စဉ် ရလာသမျှထဲမှာ မိမိအတွက် အကျိုးမရှိတဲ့ အရာမှန်သမျှကို ကြွပ်ကြွပ်အိတ်ထဲ ထည့်သိမ်းတတ်ဖို့ လိုပါတယ် ။ တစ်နေ့တာ ကုန်ဆုံးတာ နဲ့ မကောင်းတာတွေ ထည့်လာတဲ့အိတ်ကို အမှိုက်ပုံးထဲသာ လွှင့်ပစ်လိုက်ပါ ။ ကိုယ့်ဆီ သိမ်းထားလို့ အကျိုးမရှိပါဘူး ။ အမှိုက်ပုံးထဲသာ မမေ့မလျော့ ထည့်ပစ်လိုက်ပါ ။ မကောင်းတာတွေဟာ အမှိုက်ပုံးနဲ့ပဲ တန်တာမို့ သူနဲ့ တန်ရာ တန်ရာ နေရာကိုပဲ ပို့ပေးလိုက်ပါရှင် ။
#နိုဘယ်လ်သွေး

image