#နိုင်ငံတကာသတင်း
◼ဂါဇာစစ်ပွဲ ရက်ပေါင်း ၆၀ အပစ်ရပ်ရန်အစ္စရေး သဘောတူလိုက်ကြောင်း ထရန့်ပြော
ဂါဇာစစ်ပွဲ ရက်ပေါင်း ၆၀ အပစ်ရပ်ရေးကို အစ္စရေးက လက်ခံလိုက်ပြီ ဖြစ် ကြောင်း အမေရိကန်သမ္မတ ‌ဒေါ် နယ်ထရန့်ကပြောကြားပြီး ယင်းကို ဟားမားစ်အဖွဲ့ကလည်း လက်ခံရန်တိုက်တွန်းလိုက်သည်။
လာမည့် သီတင်းပတ်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဝါရှင်တန်သို့ မလာရောက်မီ ၎င်း၏ ကိုယ်စားလှယ်များက အစ္စရေးအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း လူမှုမီဒီယာပို့စ်တွင် ထရန့်က ပြောကြားသည်။
“ ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး အပြီးသတ်ဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေကို အစ္စရေးက သဘော တူ လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ စစ်ပွဲ အဆုံးသတ်ဖို့ကို ကျွန်တော်တို့က ဘက်ပေါင်းစုံ နဲ့ လုပ် ဆောင် သွားပါမယ်” ဟု ထရန့်က ရေးသားခဲ့သည်။
၎င်း၏ အပြီးသတ်အဆိုပြုချက်ကို ဂါဇာစစ်ပွဲတွင် ကြားဝင်စေ့စပ်ပေးနေသော ကာတာနှင့် အီဂျစ် ကိုယ် စား လှယ်များက ဟားမားစ်တို့ထံ ပေးအပ်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားသည်။
အရှေ့အလယ်ပိုင်းကောင်းကျိုးအတွက် ယင်းသဘောတူညီမှုကို ဟားမားစ်တို့က လက်ခံမည်ဟု မျှော်လင့်ကြောင်း နှင့်ယင်းပဋိပက္ခက ပိုကောင်းလာရန်မရှိဘဲ ပိုဆိုးလာဖို့သာရှိကြောင်း ဒေါ်နယ်ထရန့် က ဆက်ပြောသည်။
ဇူလိုင် ၇ ရက်တွင် နေတန်ယာဟုနှင့် တွေ့ဆုံချိန်တွင် ၎င်းအနေဖြင့် အခိုင်အမာ ရပ်တည်သွားမည်ဟုလည်း ထ ရန့်က ယမန်နေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။
တီဟီရန်၏ နျူကလီးယားစခန်းများကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက် အစ္စရေး၏ အီရန် နှင့် ၁၂ ရက် ကြာ စစ်ပွဲ အဆုံးသတ်သွားခဲ့ခြင်းက သဘောတူညီမှုတစ်ခုအတွက် လမ်းဖွင့်ပေးခဲ့ကာ မကြာမီက ၎င်းကြားဝင်၍ ရရှိခဲ့သော သဘောတူညီချက်များကဲ့သို့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေးကိုလည်း ဒေါ်နယ် ထရန့်က အလိုရှိနေသည်။
ထိုအတောအတွင်း အစ္စရေးက ဂါဇာစစ်ပွဲကို ဆက်လက်ဆင်နွဲနေပြီး ယမန်နေ့က လူ ၂၆ ဦး သေဆုံး သွား ခဲ့ကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေးအေဂျင်စီ က ပြောကြားသည်။
ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်းမှ လူသေဆုံးမှုဖြစ်ခဲ့သော တိုက်ခိုက်မှုများအား တုံ့ပြန်ရာတွင် ၎င်းတို့အနေဖြင့် ဟားမားစ်အဖွဲ့၏ စစ်ရေးစွမ်းရည်များကို ဖြို ဖျက်ပစ်ရန် စစ်ဆင်ရေးလုပ်ဆောင်နေကြောင်း အစ္စရေးစစ်ဘက် က အေအက်ဖ်ပီ သတင်းဌာနအား ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပိုမို ပြင်းထန်လာကြောင်း နှင့် သံချပ်ကာယာဉ်များလည်း ရှေ့ဆက်ချီလာကြောင်း ဂါဇာမြို့တော်ရူဂျေးယာခရိုင်တွင် နေထိုင်သူ အသက် (၃၉) နှစ်အရွယ် ရာဖက် ဟာလက်စ် က ပြောကြားသည်။
“ ဆွေးနွေးညှိနှိူင်းမှု ဒါမှမဟုတ် အပစ်ရပ်စဲတော့မယ်ဆိုပြီး ပြောလာတဲ့ အချိန်တိုင်း စစ်တပ်က မြေပြင်မှာ ပြစ် မှုကျူးလွန်တာတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ ပိုလုပ်လာတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘာလို့လဲတော့ မသိဘူး။” ဟု အဆိုပါဂါဇာဒေသခံက ဆက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-FRANCE 24/ AFP

image