#ပြည်တွင်းသတင်း
◼အာဇာနည်နေ့ အခမ်းနားကျင်းပရာနေရာများသို့ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများ လာရောက်ခြင်းမပြုရန် နစကထုတ်ပြန်
အာဇာနည်နေ့ အခမ်းနားကျင်းပရာနေရာများသို့ သက်ကြီးရွယ်အိုများ နှင့် နာမကျန်းသူများ လာရောက်ခြင်းမပြုကြရန် နစကမှ ယနေ့ (ဇူလိုင် ၂ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ကြေညာခဲ့သည်။
လာမည့် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၈)နှစ်ပြည့်(အာဇာနည်နေ့)အခမ်းအနားကို အာဇာနည်ဗိမာန်၊အတွင်း ဝန်ရုံး(ယခင်ဝန်ကြီးများရုံး) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်များတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများနှင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်ရောဂါလက္ခဏာများဖြစ်ပွားနေသူများအနေဖြင့် လုံးဝ (လုံးဝ) လာရောက်ခြင်းမပြုရန် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
လာရောက်သူများအား ရန်ကုန်မြို့၊ဗဟန်းမြို့နယ်ရှိ လင့်ခ်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊သိမ်ဖြူလမ်း နှင့်မဟာဗန္ဓုလလမ်းဆုံ၊သိမ်ဖြူလမ်း နှင့် အနော်ရထာလမ်းဆုံ၊ဗဟန်းမြို့နယ်ရှိ နတ်မောက်လမ်း နှင့် ဗိုလ်ချုပ်ပြတိုက် လမ်းဆုံတို့တွင် ယူဆောင်ခွင့်မပြုသော ပစ္စည်း (၁၀) မျိုး စစ်ဆေးခြင်း၊ Body Search ပြုလုပ်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကာ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်) ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) များကိုပါ ယူဆောင်လာရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များ အစရှိသည်တို့ကို ယူဆောင်ခွင့်မပြုပဲ Drone များကိုလည်း ယူဆောင်ခြင်း၊လွှတ်တင်ခြင်းမပြုရန် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
လာရောက်မည့်သူများအနေဖြင့် နှာခေါင်းစည်း(Mask)များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်၊သတ်မှတ်ပေးထားသောနေရာများတွင် စနစ်တကျ လက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆) ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်ရန်၊ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း အပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်လည်း အသိပေးထားသည်။
သတင်း-အင်ကြင်း
