#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဒလိုင်းလားမားသစ်ရှာဖွေရေးကို ဂါဒန်ဖိုဒရမ်အမည်ရှိ ဂေါပကအဖွဲ့ ဦးဆောင်မည်
တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင် ဒလိုင်းလားမားသစ်ကို ၎င်းဖွဲ့စည်းတည်ထောင်ထားသော ဂေါပကအဖွဲ့က ဦးဆောင်ရှာဖွေမည်ဖြစ်ကြောင်း ဒလိုင်းလားမားဘုန်းတော်ကြီးက ဇူလိုင် ၂ ရက်တွင် တာကြီးက ထုတ်ဖော်ပြောကြားလိုက်သည်။
တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်အဖြစ် ၎င်းနေရာကိုဆက်ခံမည့် အနာဂတ်ဒလိုင်းလားမားသစ် ရွေးချယ်ရေးအစီအစဉ်အား ဒလိုင်းလားမားဘုန်းတော်ကြီးက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်သစ် ဒလိုင်းလားမားကို တရုတ်နိုင်ငံကသာရွေးချယ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာထား သည်။
လက်ရှိအချိန်တွင် တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်သစ်ရွေးချယ်ရေးနှင့်ပတ်သက်၍ ဒလိုင်းလားမားဘုန်းတော်ကြီး၏ အထက်ပါ ပြောကြားချက်များနှင့်ပတ်သက်၍ တရုတ်အစိုးရကတစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးပေ။
တရုတ်ဗဟိုအစိုးရကို ပုန်ကန်ရန် ကြိုးပမ်းမှုပျက်ပြားခဲ့ရပြီးနောက် ၁၉၅၉ခုနှစ်တွင် တိဘက်ဒေသမှ ပြည်ပသို့ထွက်ခွာခဲ့ရသော ဒလိုင်းလားမားဘုန်းတော်ကြီးကို ခွဲထွက်ရေးဝါဒီတစ်ဦးအဖြစ်တရုတ်အစိုးရက သတ်မှတ်ထားသည်။
မိမိနေရာကိုဆက်ခံမည့်တိဘက်ဗုဒ္ဓဘာသာ ခေါင်းဆောင်သစ်သည် တရုတ်နိုင်ငံပြင်ပ၌ မွေးဖွားမည်ဖြစ်ပြီး တရုတ်အစိုးရက ရွေးချယ်ပေးမည့် ဒလိုင်းလားမားသစ်ကို အသိအမှတ်မပြုကြရန် ၎င်းကိုထောက်ခံသူများအား ဒလိုင်းလားမားဘုန်းတော်ကြီး က ယခင်က ပြောကြားခဲ့သည်။
မိမိဖွဲ့စည်းထားသည့် ဂါဒန်ဖိုဒရမ်အမည်ရှိဂေါပကအဖွဲ့က မိမိပြန်လည်ဝင်စားမည့် ဒလိုင်းလားမားသစ်ကိုရှာဖွေမည်ဖြစ်ကြောင်း ဒလိုင်းလားမားက ဇူလိုင် ၂ ရက်ကြေညာချက်၌ ထုတ်ဖော်ပြောကြားထားသည်။
ရိုက်တာ
