အဆင့်နိမ့်တဲ့ အေးချမ်းမှုနဲ့ အဆင့်မြင့်တဲ့ အေးချမ်းမှုဆိုပြီး အေးချမ်းမှုက နှစ်မျိုးရှိတယ် ။ သမာဓိကြောင့် ရလာတဲ့ အေးချမ်းမှုက အဆင့်နိမ့်တယ် ။ သမာဓိကြောင့် စိတ်ကလေး အေးချမ်းနေတော့ သုခပေါ်လာတယ် ။ ပေါ်လာတဲ့သုခကို အေးချမ်းမှုပဲလို့ ယူလိုက်တယ် ။ ဒါပေမဲ့ သုခပဲဖြစ်ဖြစ် ဒုက္ခပဲဖြစ်ဖြစ် ပေါ်ပေါက်လာရတာပဲ ။ မွေးဖွားလာရတာပဲ ။ (ပျက်စီးရမယ့် သင်္ခါရတရားတွေပဲ။) သူတို့ကို တွယ်ငြိလိုက်တဲ့အခါ သံသရာက မလွတ်တော့ဘူး ။ ဒီအတွက်ကြောင့် သုခဟာ အေးချမ်းမှု မဟုတ်ဘူး ။ အေးချမ်းမှုဟာ သုခမဟုတ်ဘူး ။
နောက်အေးချမ်းမှုတစ်မျိုးက ဉာဏ်ပညာကနေ ပေါ်ပေါက်လာတဲ့ အေးချမ်းမှုပဲ ။ ဒီမှာတော့ သုခနဲ့ အေးချမ်းမှုကို မရောပစ်လိုက်ဘူး ။ သုခနဲ့ ဒုက္ခတို့ကို ဆင်ခြင်ပြီး သူတို့အကြောင်းကို သိနေတဲ့ စိတ်ကလေးဟာ အေးချမ်းမှုပဲ ။ ဉာဏ်ပညာကနေ ပေါ်ထွက်လာတဲ့ ဒီအေးချမ်းမှုက သုခမဟုတ်ဘူး ။ ဒုက္ခရော သုခရော နှစ်မျိုးစလုံးရဲ့ သဘောအမှန်ကို သိနေခြင်းပဲ ။ ဒီလိုသိနေတော့ သူတို့နှစ်မျိုးစလုံးမှာ တွယ်ငြိမှု ပေါ်မလာတော့ဘူး ။ စိတ်က သူတို့နှစ်မျိုးစလုံးရဲ့ အထက်ကို ရောက်သွားပြီ ။ ဒါဟာ ဗုဒ္ဓဘာသာ တရားအကျင့် အားလုံးရဲ့ ပန်းတိုင်အစစ်အမှန်ပဲ ။
အာဂျန်ချား
ဝိမုတ္တိရသတရားတော်များ (စာ-၃၆)
#ajahnchah
