#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂါဇာမြောက်ပိုင်းမှ ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အစ္စရေးအမိန့်ထုတ်
ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်က တွန်းအားပေးနေသော်လည်း ဂါဇာမြောက်ပိုင်းရှိဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အစ္စရေးက ဇွန် ၂၉ ရက်တွင် အမိန့်ထုတ်လိုက်သည်။
ဂါဇာအနောက်ပိုင်းကို အစ္စရေးက စစ်ဆင်ရေးအပြင်းအထန်လုပ်ဆောင်နေပြီး မြောက်ပိုင်းရှိဂါဇာစီးတီး၊ ဂျာဘာလီယာတစ်ဝိုက်ရှိ ဒေသခံများအနေဖြင့်လည်း တောင်ဘက်ကမ်းရိုးတန်းဒေသရှိအယ်လ်မာဝါစီကို ရွှေ့ပြောင်းကြရန် အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။
ဇွန် ၂၉ ရက်မွန်းလွဲပိုင်းမတိုင်မီ ၂၄ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင်လူ ၈၆ ဦး သေဆုံးခဲ့ကြောင်း ဂါဇာတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ အယ်လ်မာဝါစီဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် ကလေးငယ်သုံးဦးလည်း ပါဝင်သည်။
ယင်းနေ့ တစ်ရက်တည်းတွင်ပင် လူ ၂၃ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။
ဤအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂါဇာစစ်ပွဲအပစ်ရပ်စဲရန်နှင့် ဓားစာခံများ ပြန်လွှတ်ပေးရေးကို ထပ်မံတောင်းဆိုလိုက်ပြီး သဘောတူညီချက်မကြာခင်ရရှိလိမ့်မည် ဟု ဆိုသည်။
အစ္စရေးကမူ ဂါဇာမြောက်ပိုင်းရှိ အကြမ်းဖက်သမားများကို ချေမှုန်းရန် အစ္စရေးစစ်တပ်က အရှိန်မြှင့်လုပ်ဆောင်နေပြီး နိုင်ငံတကာဥပဒေများ ကိုလိုက်နာကာ အရပ်သားများ အထိအခိုက်အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေသည်ဟုဆို၏။
ဂါဇာစစ်ပွဲအပစ်ရပ်ရေးနှင့် ဓားစာခံများပြန်လွှတ်ပေးရေးအတွက် ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများ၏အားထုတ်မှုများ အရှိန်မြှင့်နေသော်လည်း အစ္စရေးနှင့်ညှိနှိုင်းမှုများမှာ ရပ်တန့်နေဆဲဖြစ် ကြောင်း ဟားမားစ်တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။
ဘီဘီစီ
