#ကိုရီးယားကင်ချီ 
***************************** 
ကိုရီးယား ကင်ချီလေးလုပ်စားကြရအောင်။ 
ကင်ချီလုပ်နည်းလေး တင်ပေးလိုက်တယ်နော် 😁😁😁 
 
မုန်ညင်းဖြူထုပ် – ၃ ကီလို (သို့) ၆ ထုပ်ခန့် 
ဆား – ၁/ ၂ ခွက် (လက်ဖက်ရည်ပန်းကန်လုံး) 
၁။ မုန်ညင်းဖြူ အောက်ခြေ အမြစ်နားကိုဖြတ်ပြီး ဓားနဲ့ ၂ လက်မလောက် ထိုးခွဲ လှီးလိုက်ပါ (တစ်ထုပ်လုံးကို မလှီးရပါ)။ 
၂။ ဟသွားတဲ့နေရာကနေ လက်နှစ်ဘက်နဲ့ ဆွဲဖြဲ လိုက်ပါ။ ဒါမှသာ အတွင်း ပိုင်း မုန်ညင်းသားတွေ နဂိုမူရင်းအတိုင်း ရရှိမှာ ဖြစ်ပါတယ်။ 
၃။ ရေများများ ထည့်ထားတဲ့ ဇလုံထဲမှာ ဆေးပြီး အနည်းငယ် စစ်ထားပါ။ 
မုန်ညင်းရွက် တရွက်ချင်းစီကြားထဲကို နှံ့အောင် ဆားပက်ထည့်ပြီး ဇလုံ တခုထဲမှာပဲ ၁၀ မိနစ် ၁ ကြိမ် ဟိုဘက်ဒီဘက် လှန်ပေးရပါမယ် 
(ဆားတွေအားလုံး ပျံ့နှံ့ပြီး ကင်ချီလုပ်ချိန်မှာ ကြွပ်စေဖို့အတွက် ဖြစ်ပါတယ်) 
 
ကော်ရည်ပြုလုပ်နည်း 
ရေ – ၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး) 
ကောက်ညှင်းမှုန့် – ၂ ဇွန်း (ထမင်းစားဇွန်း) 
သကြားညို – ၂ ဇွန်း (ထမင်းစားဇွန်း) 
၁။ ရေ၊ ကောက်ညှင်းမှုန့်နဲ့ သကြားကို ရောမွှေပြီး မီးအေးအေးမှာ 
အနည်းငယ် ပျစ်လာအောင် ကြိုပြီး အအေးခံထားရပါမယ်။ 
 
ကင်ချီအနှစ်ပြုလုပ်နည်း 
 
ကြက်သွန်နီ နုပ်နုပ်စဉ်း – ၁ ခွက် (လက်ဖက်ရည် ပန်းကန်လုံး) 
ကြက်သွန်ဖြူ နုပ်နုပ်စဉ်း – ၁/၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး) 
ချင်းနုပ်နုပ်စဉ်း – ၂ ဇွန်း (ထမင်းစားဇွန်း) 
(အဲဒီ သုံးမျိုးကို ကြိတ်စက်မှာ ညက်နေအောင် ရောကြိတ်ထားပါ) 
 
မုန်လာဥဖြူ (မီးခြစ်ဆံကဲ့သို့) အမျှင် – ၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး) 
မုန်လာဥနီ (မီးခြစ်ဆံကဲ့သို့) အမျှင် – ၁ ခွက် (လက်ဖက်ရည် ပန်းကန်လုံး) 
ကြက်သွန်မြိတ် – ၅ ပင် (ပါးပါးလှီး (သို့) လက် ၁ ဆစ်ခန့် လှီးဖြတ်ထားရန်) 
ကုဆိုင် – ၁၀ ပင် (ပါးပါးလှီး (သို့) လက် ၁ ဆစ်ခန့် လှီးဖြတ်ထားရန်) 
ပုစွန် ဆားရည်စိမ် – ၂ ဇွန်း (ထမင်းစားဇွန်း) 
အရည်ကို သီးသန့် ညှစ်ထုတ်ပြီး အဖတ်တွေကို နုပ်နုပ်စဉ်းပါ။ 
(၂ မျိုးစလုံး ထည့်ရန်လို) 
ငရုတ်စပ် အစိမ်းမှုန့် – ၁ ခွက်မှ ၂ ခွက်ခွဲအထိ အစပ်ကြိုက်နှစ်သက်မှု အပေါ်မူတည်၍ ထည့်နိုင်သည်။ 
 
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ထောင်းထားတဲ့အရော၊ ပါးပါး လှီးထားတဲ့ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ပုစွန်ဆားရည်စိမ်၊ ငရုပ်စပ်မှုန့်တို့ အားလုံးကို အအေးခံထားတဲ့ ကော်ရည်ထဲ ရောပြီး နှံ့နေအောင် မွှေပေးရပါမယ်။ 
ရောထားတဲ့ ကင်ချီအနှစ်ကို ဆားပက်ထားတဲ့ မုန်ညှင်းရွက်တွေကြားထဲ 
လက်အိတ်အသုံးပြုကာ တလွှာချင်းစီထဲ နစ်ဝင်နေအောင် သိပ်ထည့်ပါ။ 
စဉ့်အိုး (သို့) ဖန်ပုလင်း (သို့) မိုက်ခရိုဝေ့ ဒဏ်ခံနိုင်တဲ့ ပလတ်စတစ် ဗူးတွေထဲ သိပ်ထည့်ပေးပြီး အဖုံးလုံအောင် ဖုံးပေးပါ။ 
အချိန် ၁ ရက်ခွဲ (၃၆ နာရီ) အကြာ သာမန် အခန်းအပူချိန်မှာ ထားပေးထားရပါမယ်။ 
အချိန်ပြည့်လို့ ဖွင့်ကြည်တဲ့အခါ အရည်တွေ ထွက်လာမှာဖြစ်သလို အရည်မှာ ပူဖောင်းလေးတွေ ထလာပါမှ စားသုံးနိုင်တဲ့ကင်ချီအဆင့်ကိုရောက်ပါပြီ။ 
ပြီးရင်တော့ ပုံမှန် ရေခဲသေတ္တာခန်းထဲ ပြောင်းရွှေ့ပြီး ၁ ပတ်ကြာမှ စားတာက ပိုပြီးပြည့်စုံတဲ့ ကင်ချီရမှာဖြစ်ပါတယ်။