#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဒေါ်လာခြောက်ဘီလီယံ တန်ဖိုးရှိ အစုရှယ်ယာများ ဝါရင်းဘက်ပက် ဂိတ်ဖောင်ဒေးရှင်းထံ လှူဒါန်း
အမေရိကန်ဘီလီယံနာသူကြွယ်ကြီး ဝါရင်းဘက်ဖက်သည် ၎င်း၏ ဘာ့ခ်ရှိုင်းယားဟေသာဝေးလ်ကုမ္ပဏီပိုင် အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံတန်ဖိုးရှိ အစုရှယ်ယာများကို ဂိတ်ဖောင်ဒေးရှင်းနှင့် အခြားပရဟိတအဖွဲ့လေးဖွဲ့သို့ ဇွန် ၂၇ ရက်တွင် လှူဒါန်းခဲ့ကြောင်းသိရသည်။
ဝါရင်းဘက်ဖက်သည် ပြီးခဲ့သည့်နှစ်ပေါင်း ၂ဝ အတွင်း ၎င်းပိုင်ဓနဥစ္စာများကို နိုင်ငံတကာပရဟိတလုပ်ငန်းများအတွက် နှစ်စဉ်လှူဒါန်းခဲ့ရာ ယခုနှစ်လှူဒါန်းခဲ့သောပမာဏမှာ အများအပြားဆုံးဖြစ်သည်။
ဝါရင်းဘက်ဖက်က ဇွန် ၂၇ ရက်တွင် လှူဒါန်းခဲ့သော ဘာ့ခ်ရှိုင်းယားဟေသာဝေးလ်အစုရှယ်ယာ ၁၂ ဒသမ ၃၆ သန်းကြောင့် နှစ်ပေါင်း ၂၀ အတွင်း ဝါရင်းဘက်ဖက်လှူဒါန်းခဲ့သမျှ ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာဘီလီယံ ၆ဝ အထိ ရှိလာခဲ့ပြီဖြစ်သည်။
အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံတန်ဖိုးရှိ ဘာ့ခ်ရှိုင်းယားဟေသာဝေးလ်အစုရှယ်ယာ ၁၂ ဒသမ ၃၆ သန်းအနက် ၉ ဒသမ ၄၃ သန်းကို ဝါရင်းဘက်ဖက်က ဂိတ်ဖောင်ဒေးရှင်းထံ လှူဒါန်းခဲ့ပြီး ကျန်အစုရှယ်ယာများကို ၎င်း၏သားသမီးသုံးဦး ဦးဆောင်သော ပရဟိတဖောင်ဒေးရှင်းများထံသို့ ခွဲဝေလှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဇွန် ၂၇ ရက် လှူဒါန်းမှုမတိုင်မီအထိ ဝါရင်းဘက်ဖက်၏ အသားတင် ပိုင်ဆိုင်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၂ ဘီလီယံအထိရှိနေရာ ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်များစာရင်းတွင် အဆင့် ငါးနေရာ၌ ရှိနေခဲ့သည်။ ဇွန် ၂၇ ရက် လှူဒါန်းမှုအပြီးတွင် ဝါရင်းဘက်ဖက်သည် ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်များစာရင်း၌ အဆင့်ခြောက်နေရာသို့ ရောက်ရှိသွားပြီးဖြစ်သည်။
ဝါရင်းဘက်ဖက်သည် စီးပွားရေးတန်ဖိုး ၁ ဒသမ ဝ၅ ထရီလီယံရှိသည့် ဘာ့ခ်ရှိုင်းယားဟေသာဝေးလ်ကုမ္ပဏီ၏ အစုရှယ်ယာများ အနက် ၁၃ ဒသမ ၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။
ရိုက်တာ
