8 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစေတီပေါင်း ၆၇၉၇ ဆူပျက်စီးခဲ့ပြီး အင်အားရစ်ခ်စတာစကေး ၈ အဆင့်ထိခံနိုင်ရန် ပြုပြင်ဆောင်ရွက်နေဟု ​ရှေး/သုထုတ်ပြန်
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျက်စီးခဲ့သည့် ဘုရားစေတီများအား အင်အားရစ်ခ်စတာစကေး ၈ အဆင့်ထိခံနိုင်ရန် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ ငလျင်ဒဏ်သင့်ဒေသများတွင် ဘုရား၊စေတီပေါင်း ၆၇၉၇ ဆူ ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ရာတွင် အင်အားရစ်ခ်စတာစကေး ၈ အဆင့်ခံနိုင်ရေးအတွက် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ ပြုပြင်ခြင်းဆိုင်ရာ SOP စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျပြန်လည်ပြုပြင်သွားရန် ၊ စေတီတော် ပြန်လည်ပြုပြင်မွမ်းမံရာတွင် အလှူရှင်များဦးဆောင်၍ ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိရာလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရှေးမူလလက်ရာအတိုင်း ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့တင်ပြ၍ လမ်းညွှန်ချက်ခံယူဆောင်ရွက်ရန်နှင့် အင်ဂျင်နီယာအဖွဲ့၏ လမ်းညွှန်မှုများနှင့်လည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာများ ပါဝင်ကူညီ ဆောင်ရွက်နိုင်ရန်အတွက် အင်ဂျင်နီယာအဖွဲ့ကိုလည်း စေလွှတ်ပေးမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်ခံ့စေရန် နှင့် ငလျင်ဒဏ် ရစ်ခ်စတာစကေး ၈ အဆင့် ခံနိုင်ရေးအတွက် အရည်အသွေးပြည့်ဝသည့် အုတ်၊ သံများကိုအသုံးပြုရန်လိုအပ်ကြောင်းကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ပြည်နယ် အစိုးရအဖွဲ့များထံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်မှညွှန်ကြားထားကြောင်းသိရသည်။
ရှေးဟောင်းစေတီ၊ပုထိုး၊ဂူဘုရားများကို ပြုပြင်ရာတွင် ရှေးဟောင်းသူတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြီးကြပ်ကာ သက်ဆိုင်ရာ ဂေါပကအဖွဲ့များ၊လုပ်ငန်းအတွေ့အကြုံရှိသူများကိုလည်း ဆောင်ရွက်ရန်ခွင့်ပြုထားကြောင်း၊ပြန်လည်ပြုပြင်လိုပါက ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဉပဒေ နှင့်အညီ ခွင့်ပြုချက်တင်ရမည်ဖြစ်ပြီး အတွေ့အကြုံရှိသော ကန်ထရိုက်များဖြင့်ပြင်ဆင်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးကပြောကြားထားသည်။
ထို့ပြင် ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများအနက် အဆောက်အအုံ ၁၇၅၂ ခုကို ယဉ်ကျေးမှု အမွေအနှစ် တန်ဖိုးကြီးမားသော ရှေးဟောင်း အဆောက်အအုံအဖြစ် ပထမဦးစားပေးအဖြစ်သတ်မှတ်ကာ ပျက်စီးမှုအလိုက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထိခိုက်ပျက်စီးခဲ့သည့် ကျန်ရှေးဟောင်းအဆောက်အအုံများကိုလည်း အဆင့်ခွဲခြားသတ်မှတ်ထားပြီး ဒုတိယဦးစားပေးအနေဖြင့် တစ်ပိုင်းတစ်စပျက်စီး၍ မူလလက်ရာကျန်ရှိမှုနည်းသော အဆောက်အအုံအဖြစ်လည်းကောင်း၊တတိယဦးစားပေးအနေဖြင့် အောက်ခြေပန္နက်မှလွဲ၍ ကျန်ရှိသော အစိတ်အပိုင်းများသည် အသစ်နီးပါး ပြန်လည်ပြုပြင်ထားသည့် အဆောက်အအုံအဖြစ်လည်းကောင်း သတ်မှတ်ထားသည်ဟု ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

image