#နိုင်ငံတကာသတင်း
◼ဆာဘီးယားရဲတပ်ဖွဲ့နှင့် အစိုးရဆန့်ကျင်ဆန္ဒပြသူများ ထိပ်တိုက်တွေ့
ဆာဘီးယားနိုင်ငံမြို့တော် ဘဲလ်ဂရိတ်တွင် ရွေးကောက်ပွဲစောစီးစွာကျင်းပရန် နှင့် သမ္မတ အလက် ဆန်းဒါးဗူဆစ်၏ ၁၂ နှစ်ကြာ အုပ်ချုပ်မှုအား အဆုံးသတ်ရန် တောင်းဆိုကြသည့် အစိုးရဆန့်ကျင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြားတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။
ကျောင်းသားများဦးဆောင်သော ဆန္ဒပြမှုများကြောင့် လူထုအကြိုက်လိုက်သော အစိုးရ အပေါ် ဖိအားများနေချိန်တွင် လူပေါင်း ၁၄၀၀၀၀ ခန့်က မြို့တော်တွင် စုဝေးခဲ့ကြသည်။ မကြာသေးမီလများက ဆန္ဒပြပွဲများတွင် အကြီးဆုံးဖြစ်သော လူအုပ်ကြီးက “ငါတို့ရွေးကောက်ပွဲ လိုချင်တယ်” ဟု ထပ်ခါထပ်ခါ အော်ဟစ်ခဲ့ကြသည်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ က မျက်ရည်ယိုဗုံးများ ၊ အသံဖြင့်ခြောက် သောဗုံးများ အသုံးပြုကာ လူစုခွဲရန် ကြိုးစားခဲ့ပြီး ဆန္ဒပြသူအများအပြားလည်း ဖမ်းဆီးခံခဲ့ရသည်။
ရွေးကောက်ပွဲကျင်းပရန်တောင်းဆိုသူများမှာ မိမိတို့နိုင်ငံအား အနိုင်ကျင့်ရန် ကြိုးစားနေသည့် နိုင်ငံရပ်ခြားအကြံအစည်တစ်ခုတွင် ပါဝင်သူများဖြစ်ကြောင်း သမ္မတ ဗူဆစ် က စွပ်စွဲပြောကြားသည်။
“ သူတို့က ဆာဘီးယားကို ပြုတ်ကျသွားစေချင်ကြတယ်။ ဒါပေမယ့် သူတို့ မအောင်မြင်ခဲ့ဘူး” ဟု သမ္မတ ဗူဆစ် က အင်စတာဂရမ် လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်။
တက္ကသိုလ်များကို ပိတ်ထားခြင်းအပါအဝင် နိုင်ငံတစ်ဝန်းတွင် လပေါင်းများစွာ ဖြစ်ပေါ်ခဲ့သော ဆန္ဒပြပွဲများက မစ္စတာဗူဆစ် အား တုန်လှုပ်သွားစေခဲ့သည်။
၎င်း၏ ဒုတိယသက်တမ်းမှာ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ကာ ယင်းနှစ်မှာပင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန်လည်း စီစဉ်ထားသည်။
ကျောင်းသားများကို ထောက်ခံမှုပြသရန် မြို့တော်သို့ လာရောက်ခြင်းဖြစ်ကြောင်းနိုင်ငံမြောက်ပိုင်း ဆစ်ဒ် မြို့မှ ဆန္ဒပြပွဲသို့ လာရောက်ခဲ့သူ အသက်(၃၇) နှစ်အရွယ် စိုက်ပျိုးရေးသမားလိုဂျာနိုဗစ် က ပြောကြားသည်။
“ တိုင်းပြည်ပြု အဖွဲ့အစည်းတွေက ပျက်စီးနေပြီ။ အကျင့်ပျက်ခြစားမှုတွေလည်း အများကြီးပဲ ။ ဒီအတွက်အဖြေကတော့ ရွေးကောက်ပွဲ ပဲ ။ ဒါပေမယ့်လည်း ဗူဆစ်က အေးအေးဆေးဆေး ဆင်းသွားမှာတော့ မဟုတ်ဘူး” ဟု မစ္စက်လိုဂျာနိုဗစ် က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
သမ္မတက ရှောင်တခင်ရွေးကောက်ပွဲများ ကျင်းပရေးကို ယခင်ကတည်းက ငြင်းဆိုထားသည်။
အမတ်နေရာ ၂၅၀ ရှိသော လွှတ်တော်တွင် ၎င်း၏ Progressive Party ဦးဆောင်သော မဟာမိတ်အဖွဲ့ က အမတ်နေရာ ၁၅၆ နေရာ ရယူထားကြောင်း သိရသည်။
ဗူဆစ် နှင့် မဟာမိတ်များသည် ဂိုဏ်းဖွဲ့ပြစ်မှုကျူးလွန်မှုများ ၊ အကျင့်ပျက်ခြစားမှု ၊ ပြိုင်ဘက်များအပေါ် အကြမ်းဖက်မှု၊ မီဒီယာလွတ်လပ်ခွင့်များအား ကန့်သတ်မှုများ လုပ်ဆောင်နေကြောင်း ဆန့်ကျင်သူများက စွပ်စွဲပြောကြားကြပြီး ၎င်းတို့က ငြင်းဆိုထားသည်။
သတင်း-ရဲမင်း
ကိုးကား-BBC



