#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုကို တင်သွင်းရန် ဖုန်ဂျိုင်ထိုင်းပါတီ ကြိုးပမ်းမည်
ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်နှင့် ၎င်း၏အစိုးရအဖွဲ့ အပေါ် အယုံအကြည်မရှိအဆိုကို ဖုန်ဂျိုင်ထိုင်းပါတီက လွှတ်တော်တွင်တင်သွင်းမည်ဖြစ်ကြောင်း ဇွန် ၂၄ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ဖုန်ဂျိုင်ထိုင်းပါတီသည် ဝန်ကြီးချုပ်ပေတွန်သန်ရှင်နာဝပ်နှင့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်တို့အကြား ဖုန်းခေါ်ဆိုမှု အသံဖိုင်ပေါက်ကြားခဲ့ပြီးနောက် လက်ရှိအာဏာရညွန့်ပေါင်းအုပ်စုမှနုတ်ထွက်ထားသော ပါတီဖြစ်သည်။
ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိအဆိုတင် သွင်းရန် ဖုန်ဂျိုင်ထိုင်းပါတီက ကြိုးစားလာခြင်းကြောင့် ထိုင်းဝန်ကြီးချုပ်အနေဖြင့် နိုင်ငံရေးဖိအားများ ပိုမိုရင်ဆိုင်ရတော့မည်ဖြစ်သည်။
အသက်(၃၈)နှစ်အရွယ် ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ် သည် ကမ္ဘောဒီးယားနိုင်ငံနှင့်လက်ရှိဖြစ်ပွားနေသော နယ်စပ်ပြဿနာအား ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဝေဖန်မှုများ၊ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။
ဖုန်ဂျိုင်ထိုင်းပါတီသည် ထိုင်းလွှတ်တော်၌ အမတ်နေရာ ၆၉ နေရာရရှိထားရာ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းနိုင်ရေးအတွက် အခြားလွှတ်တော်အမတ် ၃ဝ တို့၏ ထောက်ခံမှုရယူရန် လိုအပ်မည်ဖြစ်သည်။
ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိအဆိုကို ထိုင်းလွှတ်တော် အစည်းအဝေးများပြန်လည်ကျင်းပမည့် ဇူလိုင် ၃ ရက်မှ စ၍လွှတ်တော်၌တင်သွင်းနိုင်ရန် ဖုန်ဂျိုင်ထိုင်းပါတီက ကြိုးပမ်းမည်ဖြစ်သည်။
ရိုက်တာ

image