#နိုင်ငံတကာသတင်း
◼နျူကလီးယားလက်နက်သယ်ဆောင်နိုင်သော တိုက်လေယာဉ်များ ဗြိတိန်ဝယ်မည်
နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သော F-35A တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ က ယမန် နေ့တွင်ပြောကြားသည်။
လော့ဟိဒ်မာတင်ကုမ္ပဏီလုပ် ဂျက်တိုက်လေယာဉ်များကို ဝယ်ယူလိုက်ခြင်းဖြင့် ဗြိတိန်လေတပ်သည် စစ်အေးခေတ်နောက်ပိုင်းတွင် နျူကလီးယားလက်နက်များ ပထမဆုံးအကြိမ် သယ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံးက ပြောသည်။
“ အလွန်ပဲ မရေရာမှုတွေ များနေတဲ့ခေတ်မှာ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို ထာဝရလို့ မှတ်ယူထားလို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အစိုးရ က အမျိုးသားလုံခြုံရေးမှာ ရင်းနှီးမြုပ်နှံနေတာဖြစ်ပါတယ်။” ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ က ထုတ်ပြန်ချက်တစ်ရပ်၌ ပြောသည်။
ဥရောပလုံခြုံရေးကို ကာကွယ်ပေးသူဟူသော ၎င်းတို့၏ အစဉ်အလာအခန်းကဏ္ဍမှ အမေရိကန် က နောက်ဆုတ်နေချိန်၌ ရုရှားတို့ထံမှ ရန်လိုမှုများကို ပိုမိုရင်ဆိုင်လာနေရသော ဗြိတိန် က ကာ ကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်နေပြီး ၎င်းတို့၏ ရေငုပ်သင်္ဘောအုပ်စုအပါအဝင် စစ်ဘက်အင်အားစုများအား အဆင့်မြှင့်တင်နေသည်။
ယင်းတိုက်လေယာဉ်များကို ဝယ်ယူလိုက်ခြင်းဖြင့် အကယ်၍များ ပဋိပက္ခဖြစ်လာခဲ့ပါက ဗြိတိန်အနေဖြင့် ယင်း နှစ်မျိုးသုံးတိုက်လေယာဉ်များကို နေတိုးအဖွဲ့အတွက် ပါဝင်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားသည်။
ယင်းမှာ နေတိုးအဖွဲ့အတွက် ဗြိတိန်က တက်ကြွစွာ လုပ်ဆောင်နေသည့် နောက်ထပ် ဖြည့်ဆည်းမှုတစ်ခုဖြစ်ကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့ခ်ရူတဲကလည်း ပြောကြားသည်။
လက်ရှိတွင် ဗြိတိန်၏ နျူကလီးယားအဟန့်အတား အစီအစဉ်သည် ထရိုင်းဒင့်ရေငုပ်သင်္ဘောအခြေစိုက် စနစ်ပေါ်တွင်သာ လုံးဝ တည်မှီနေသည်။
အဆိုပါ အမျိုးအစား ရေငုပ်သင်္ဘောတစ်စီးက ၂၀၁၆ ခုနှစ် က လမ်းကြောင်းလွဲသွားခဲ့ဖူးပြီး ပြီးခဲ့သည့်နှစ်ကလည်း လေ့ကျင့်နေစဉ် မှားယွင်းပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များမှာ စစ်မြေပြင်တစ်ခု၌ အသုံးပြုရန် ရည်ရွယ်ထားသော လက်နက်များဖြစ်ပြီး ကျယ်ပြန့်သောဧရိယာကို ပစ်မှတ်ထားသည့် မဟာဗျူဟာမြောက်လက်နက်များနှင့် ကွာခြားကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
