#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံ ချွန်ပူလီခရိုင်ရှိ မီးကြိုးအဟောင်း စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၈၀ အလုပ်ရပ်နားခံရ
ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် ချာချင်ဆောင်နောင်စာတစ်ဆွယ် (၁)ရှိ မီးကြိုးအဟောင်းစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ် သမား ၁၈ဝ သည် အလုပ်ရပ်နားခံလိုက်ရကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့မှသိရသည်။
ထိုစက်ရုံတွင် မြန်မာအလုပ်သမားများသည် အနည်းဆုံး နှစ်နှစ်မှ ရှစ်နှစ်အထိအလုပ်လုပ်ကိုင်ခဲ့ကြပြီး လာမည့်ဩဂုတ် ၂၈ ရက်တွင် စက်ရုံပိတ်သိမ်းတော့မည်ဟုဆိုကာ ရပ်နားခြင်းဖြစ်ပြီး ၎င်းတို့အား စက်ရုံမှအလုပ်မပေးနိုင်သည့်အပြင် အလုပ်သမားများ၏ လုပ်အားခ ၁ဝ ရက်ကျော်စာ ရရန်ကျန်သေးကြောင်း သိရသည်။
၎င်းအလုပ်သမားများသည် စက်ရုံသူဌေးနှင့် ပန်းရောင်ကတ် (ဘတ်ရိုက်)ပြုလုပ်ထားခြင်း ၊ ပတ်စ်ပို့သက် တမ်းတိုးထားခြင်းများအတွက် ငွေသွင်းထားပြီးဖြစ်သော်လည်း စက်ရုံပိတ်မည်ဟု သူဌေးကပြောပြီး အလုပ်သမားများ၏ ကျန်ရှိသည့်လုပ်အားခပေးချေခြင်း မရှိသည့်အပြင်ပန်းရောင်ကတ်၊ ပတ်စ်ပို့သက်တမ်းတိုးကိစ္စများကို တာဝန်ယူခြင်းမရှိဘဲ အလုပ်မှရပ်နားခိုင်းခဲ့ကြောင်း သိရသည်။
မြန်မာအလုပ်သမားသည်စက်ရုံတွင် နှစ်ရှည် အလုပ်လုပ်လာကြသူများဖြစ်ပြီး စာရွက်စာတမ်းကိစ္စ၊ စားဝတ်နေရေးနှင့် အလုပ်သစ်ရှာရန် အခက်အခဲများစွာကြုံတွေ့နေရသောကြောင့် WAG အဖွဲ့ထံအကူအညီတောင်းခံခဲ့ပြီး ဇွန် ၂၄ ရက်တွင် အလုပ်သမားများနှင့် သွားရောက် တွေ့ဆုံကာအမှုလက်ခံခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - WAG
