#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲ ဇူလိုင် ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာ
အထက်လွှတ်တော်ရွေးကောက်ပွဲများကိုလာမည့် ဇူလိုင် ၂၀ ရက်တွင် ကျင်းပရန်စီစဉ်ထားကြောင်း ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာဟာယာရှီက ဇွန် ၂၄ ရက်တွင် အတည်ပြုကြေညာလိုက်သည်။
ဇွန် ၂၂ ရက်တွင်ပြီးဆုံးခဲ့ပြီဖြစ်သော လွှတ်တော်နောက်ဆုံးအစည်းအဝေးများကို သက်တမ်းဆက်မတိုးရန် ဂျပန်ဝန်ကြီးချုပ် အီရှီဘာက ဆုံးဖြတ်ခဲ့ပြီးနောက် အထက်လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပမည့်နေ့ကို ဂျပန်အစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ရွေးကောက်ပွဲများအတွက် တရားဝင်မဲဆွယ်လှုပ်ရှားမှုများကို ဇူလိုင် ၃ ရက်တွင်စတင်နိုင်မည်ဖြစ်ကြောင်း ဂျပန်အစိုးရ အတွင်းဝန်ချုပ်ဟာယာရှီက ပြောကြားခဲ့သည်။
ဂျပန်အထက်လွှတ်တော်တွင် လွှတ်တော်အမတ်နေရာ ၂၄၈ နေရာရှိပြီး ယင်းအမတ်နေရာများအနက် ၁၂၅ နေရာတို့အတွက် ရွေးကောက်ပွဲကျင်းပရန် ဂျပန်အစိုးရက စီစဉ်ထားခြင်းဖြစ်သည်။
ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများတွင် ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်းများအနေဖြင့် ဂျပန်ပြည်တွင်း ကုန်ဈေးနှုန်းများ မြင့်တက်မှုပြဿနာနှင့်နိုင်ငံရေးရန်ပုံငွေပြဿနာများကို အဓိကထား၍မဲဆွယ်ကြလိမ့်မည်ဖြစ်သည်။
ဇူလိုင် ၂၀ ရက်အထက်လွှတ်တော်ရွေးကောက်ပွဲ၌ အမတ်နေရာ အများစုကို ရရှိနိုင်ရန်မိမိဦးဆောင်သော ညွန့်ပေါင်းအုပ်စုကရည်ရွယ်ထားကြောင်း ဂျပန်ဝန်ကြီးချုပ်အီရှီဘာက ပြောကြားထားသည်။
အထက်လွှတ်တော်ကို အမတ်နေရာအများစုဖြင့် ထိန်းချုပ်ထားနိုင်ရေးအတွက် ဝန်ကြီးချုပ်အီရှီဘာ၏ လက်ရှိအာဏာရညွန့်ပေါင်းအုပ်စုအနေဖြင့် အမတ်နေရာအနည်းဆုံး ၅၀ အထိ ရရှိရန်လိုအပ်သည်။
ရိုက်တာ

image