#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ်(၈၀)ပြည့် စစ်ရေးပြပွဲပြုလုပ်မည်ဟု တရုတ်ကြေညာ
တရုတ်စစ်ဘက်သည် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲကို စက်တင်ဘာလတွင်ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ဇွန် ၂၄ ရက်တွင်ထုတ်ပြန် ကြေညာသည်။
စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့ရှိတီယန်မင်ရင်ပြင်တွင်ပြုလုပ်မည့် အဆိုပါစစ်ရေးပြပွဲသို့ တရုတ်သမ္မတ ရှီကျင်းပင်ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း တရုတ်စစ်ဘက် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စစ်ရေးပြပွဲတွင် မြေပြင်တပ်ဖွဲ့များ၊ လေတပ်တိုက်လေယာဉ်များ၊သံချပ်ကာယာဉ်များ၊ နည်းပညာမြင့်တိုက်ခိုက်ရေး ကိရိယာများဖြင့် ချီတက်ပွဲများ ပြုလုပ်မည်ဟုဆို၏။ အခမ်းအနားသို့ ရုရှားသမ္မတ ပူတင်နှင့် အခြားနိုင်ငံ့ခေါင်းဆောင်များလည်းတက် ရောက်ဖွယ်ရှိသည်။
ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်တို့က စက်တင်ဘာ ၃ ရက်တွင်စစ်ရေးပြပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ရေးပြပွဲတွင် မောင်းသူမဲ့စနစ်ယာဉ်များ၊ ဉာဏ်ရည်တုနည်းပညာသုံး စစ်လက်နက်ကိရိယာများကိုလည်း ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ်ကလည်း တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဖြင့် စစ်ရေးပြပွဲကြီးတစ်ခုကျင်းပခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၎င်း၏ (၇၉) နှစ်မြောက်မွေးနေ့တွင် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသောစစ်ရေးပြပွဲကို ကျင်းပခဲ့ပြီးနောက် တရုတ်နိုင်ငံကလည်းစစ်ရေးပြပွဲ ပြုလုပ်ရန် ကြေညာခဲ့ခြင်းဖြစ်သည်။
စီအင်န်အေ

image