#ကျောက်ဖရုံသီး
ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ ကျောက်ဖရုံသီး က ဆီးချိုသမားတွေအတွက် အကောင်းဆုံးစားစရာတွေထဲပါဝင်သလို ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။ ကိုယ်အလေးချိန်လျှော့ချရာမှာ ကျောက်ဖရုံသီးကိုစားသုံးခြင်းက အထောက်အကူပေးနိုင်တယ်လို့ သိရပါတယ်။ကျောက်ဖရုံသီးက ခန္ဓာကိုယ်အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကို ပြေစေလို့ ဟင်းချိုလေးချက်သောက်ရင်ပဲ အဆင်ပြေနေပြီလေ။ နောက်ထပ် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ –
(၁) အစာအိမ်အနာတွေသက်သာစေ၊ အူတွင်းပိုးမွှားတွေ ရှင်းစေတယ်
ကျောက်ဖရုံသီးက အစာအိမ်နဲ့အူတွင်းအမြှေးပါးမှာအနာဖြစ်ပေါ်ခြင်းကို ကုသရာမှာ အထောက်အကူပေးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာရှိတဲ့ အန္တရာယ်ရှိဘက်တီးရီးယားအားလုံးကို ဖယ်ရှားရှင်းလင်းပေးနိုင်လို့ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါပိုးဝင်ခြင်းတွေ၊ အစာမကြေခြင်းတွေ ကိုကာကွယ်ပြီးသားဖြစ်ပါတယ်။
(၂) ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးတယ်
ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားနေတာဆိုရင် ကယ်လိုရီများတဲ့အစားအစာတွေနေရာမှာ အစားထိုးနိုင်ဖို့ အသင့်တော်ဆုံးကကျောက်ဖရုံသီးဖျော်ရည် သို့မဟုတ်ပြုတ်ကြော်ပဲဖြစ်ပါတယ်။ သူ့မှာ အာဟာရဓါတ်ကအပြည့်အဝ ပါရှိပြီးရေဓါတ်က ၉၆ ရာခိုင်နှုန်းပါဝင်ပါတယ်။
(၃) သွေးတိတ်စေတယ်
ကျောက်ဖရုံသီး ကသွေးတိတ်စေတဲ့သဘာဝအာနိသင်ရှိပါတယ်။ပြင်ပဒဏ်ရာအတွက် ကုသဖို့ အသုံးပြုခဲပေမယ့်( အရွက်တွေကို ထောင်းကြိတ်ပြီး အနာမှာပွတ်အုံပေးတာမျိုးကလွဲလို့) ကျောက်ဖရုံသီးက အတွင်းပိုင်းသွေးယိုခြင်းအတွက် အစွမ်းထက်ပါတယ်။ ပုံမှန်စားပေးရင် နွေရာသီမှာဖြစ်တတ်တဲ့ နှာခေါင်းသွေးယိုခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ကျောက်ကပ်မှာသွေးယိုစိမ့်မှုကြောင့် ဖြစ်လာတဲ့ ဆီးထဲမှာသွေးပါခြင်း၊ အနာတွေကြောင့်၊ လိပ်ခေါင်းကြောင့် သွေးယိုခြင်း စတာတွေကိုကျောက်ဖရုံသီးဖျော်ရည်သောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
(၄) စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို သက်သာပြေလျော့စေတယ်
ကျောက်ဖရုံသီးက သဘာဝစိတ်ငြိမ်ဆေးတစ်မျိုးလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုကုသပေးနိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါ၊ စိုးရိမ်ပူပန်နေခြင်း၊ ညအိပ်မပျော်ခြင်းစတဲ့ အာရုံကြောစနစ်နဲ့ဆက်နွှယ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ကျောက်ဖရုံသီးဖျော်ရည်ကို တစ်နေ့တစ်ခွက်သောက်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ၊ဝေဒနာတွေအားလုံးကို သက်သာလျော့ပါးစေဖို့ ကူညီပေးပါလိမ့်မယ်။
(၅) ဆံပင်နဲ့ မျက်နှာအတွက် အကျိုးကျေးဇူးတွေရှိပါတယ်
ကျောက်ဖရုံသီးက အလှအပအတွက်လည်း အသုံးဝင်လိမ့်မယ်လို့ ထင်မထားမိကြလောက်ပါဘူး။ကျောက်ဖရုံသီးကြိတ်ရည်ကို သံပရာရည်နဲ့အရေပြားမှာရောလိမ်းတာဖြစ်ဖြစ် ဒါမှမဟုတ် တခြားမျက်နှာပေါင်းတင်ဆေးတွေနဲ့ရောသုံးတာဖြစ်ဖြစ် လုပ်ပေးရင် အမည်းစက်တွေကိုလျော့ပါးစေပြီး အသားအရေဝင်းလက်လာစေမှာပါ။
ကျောက်ဖရုံသီးကဗောက်ပျောက်စေတဲ့အစွမ်းလည်းရှိပါတယ်။ ဗောက်ထနေတယ်ဆိုရင် ကျောက်ဖရုံသီးကြိတ်ရည်ကို ဦးရေပြားနဲ့ဆံပင်မှာဆွတ်လိမ်းပြီးခေါင်းလျှော်ချပါ။ ဆံပင်ကို အုန်းဆီလိမ်းတတ်တယ်ဆိုရင်ကျောက်ဖရုံသီးအစေ့ကိုထောင်းပြီး အုန်းဆီနဲ့ရောလိမ်းပါ။
(၆) ဝမ်းချုပ်သက်သာစေတယ်
ကျောက်ဖရုံသီးရဲ့အကောင်းဆုံးဝိသေသက အမျှင်ဓါတ်နဲ့ရေဓါတ်ပါဝင်မှုဖြစ်ပါတယ်။ ဒါ့ကြောင့် သူက အစာချေဖျက်ခြင်းကိုအထောက်အကူပြုပါတယ်။ မနက်စာမှာကျောက်ဖရုံသီးကို ပုံမှန်ထည့်စားပေးရင် ဝမ်းချုပ်ခြင်းပြဿနာကိုဖြေရှင်းနိုင်ပါလိမ့်မယ်။
(၇) အိပ်ပျော်စေတယ်
ကျောက်ဖရုံသီးဟာ ညအိပ်မပျော်ခြင်းကိုကုသရာမှာလည်းကောင်းပါတယ်။ စိတ်ဖိစီးမှု၊ အလုပ်ပင်ပန်းမှု၊ စိတ်ကျဉ်းကျပ်မှုတွေလို အကြောင်းရင်းတွေကြောင့် ညအိပ်မပျော်တဲ့သူတွေဆိုကျောက်ဖရုံသီး ပုံမှန်စားပေးရင် ဒါတွေ သက်သာလျော့ပါးစေနိုင်ပါတယ်။
(၈) ဆီးရွှင်စေတယ်
နွေရာသီမှာ ချွေးထွက်များလို့ ခန္ဓါကိုယ်ကရေဓါတ်ဆုံးရှုံးရတတ်ပါတယ်။ ဒီလိုကနေ ဆီးသွားနည်းတဲ့ပြဿနာဖြစ်လာစေနိုင်ပါတယ်။ကျောက်ဖရုံသီးက ခန္ဓါကိုယ်မှာရေဓါတ်ထိန်းညှိပေးပြီး ဆီးရွှင်စေတာကြောင့် ဆီးကျောက်တည်တာတွေကို ကာကွယ်ပေးပါတယ်။
တခြားအကျိုးကျေးဇူးများ
ကျောက်ဖရုံသီးကသွေးနီဥဆဲလ်အရေအတွက်နည်းတဲ့အခါဖြစ်လာတဲ့သွေးအားနည်းရောဂါအတွက်ဆေးဝါးဓါတ်စာတစ်ခုဖြစ်ပါတယ်။သွေးတွင်းကိုလက်စထရောကိုလည်းကျစေလို့ နှလုံးအတွက် ကောင်းပါတယ်။
ဒီလိုအကျိုးကျေးဇူးများတဲ့ ကျောက်ဖရုံသီးရဲ့အာနိသင်တွေကို အသုံးချနိုင်ဖို့ ဟင်းချို သို့မဟုတ် ဟင်းချက်စားကြသလို အချိုပွဲအဖြစ် ကျောက်ဖရုံယိုလည်းစားနိုင်ပါတယ်။

image