1 w - Translate

#ပြည်တွင်းသတင်း
◼ပို့စ်မော်ဒန်စာရေးဆရာငြိမ်းအေးအိမ် ကင်ဆာရောဂါဖြင့်ကွယ်လွန်
မြန်မာပို့စ်မော်ဒန်စာရေးဆရာငြိမ်းအေးအိမ်သည် ယနေ့(ဇွန် ၂၃ ရက်) နေ့လယ်ပိုင်းတွင် ကင်ဆာ ရောဂါဖြင့်ကွယ်လွန်သွားကြောင်း ၎င်းနှင့်နီးစပ်သည့်စာပေအသိုင်းအဝိုင်းထံမှ သိရသည်။
“ဒီနေ့နေ့လယ် ၁၂ နာရီလောက်က သံသရာခရီးကိုထွက်ခွာသွားတဲ့ ကိုငြိမ်း (ငြိမ်းအေးအိမ်) ကောင်းမွန်ရာဘုံဘဝရောက်ပါစေ။ မိသားစုနဲ့ထပ်တူဝမ်းနည်းပါတယ်” ဟု ဆရာမျိုးဆွေသန်းက လူမှုကွန်ရက်တွင်ရေးသားထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်ဦးနှောက်သွေးခဲ၍ဆေးကုသမှုခံယူရာမှ ကင်ဆာရောဂါခံစားနေရကြောင်း စတင်သိရှိခဲ့ပြီး မကွယ်လွန်မီအချိန်အထိ ကင်ဆာကုသမှုကုထုံးကိုခံယူနေခဲ့သူဖြစ်သည်။
မကွယ်လွန်မီ ယခုဇွန်လ ၁၅ ရက်က"သရဖူကို ကျွန်တော်လုပ်ကိုင်ခဲ့တာလည်း နှစ်သုံးဆယ်ပြည့်နှစ်နဲ့ တိုက်ဆိုင်လို့အလွမ်းသည်းနေတာလည်းဖြစ်နိုင်တာပဲ။ ကျွန်တော်လစ်မသွားခင်ကျွန်တော့်အကြောင်း (အတင်းတုတ်တာပဲဖြစ်ဖြစ်) သူငယ်ချင်းတွေရေးပြတာဖတ်ကြည့်ဖူးသွားချင်တယ်။ အထူးသဖြင့် သရဖူကာလများနဲ့နှီးနွယ်ခဲ့သူများဆီကပေါ့။ အနည်းဆုံးတော့ ပန်းဖလက်လေးထုတ်ပြီးဝေလို့ရတာ ပေါ့။ လူရှိန်တာပေါ့။ အလွမ်းပြေပေါ့။ နှုတ်ဆက်တေးပေါ့" ဟု လူမှုကွန်ရက်တွင်ရေးသားခဲ့သေးသည်။
ဆရာငြိမ်းအေးအိမ်သည် မြန်မာပို့စ်မော်ဒန်စာရေးဆရာတစ်ဦးဖြစ်ပြီး ၁၉၇၆ ခုနှစ်၊ မှိုင်းရာပြည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။ မဟာဂျာနယ်တွင် အခန်းဆက်ဖော်ပြခဲ့ဖူးသည့် သူ၏ ပထမဆုံးလုံးချင်းဝတ္ထုရှည် “အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင်” သည်လူသိများထင်ရှားခဲ့ သည်။
အဆိုပါဝတ္တုအပြင် ၁၉၉၆ ခုနှစ်တွင် ပွဲတော်ညမုဆိုးများ (ဝတ္ထုတိုစုစည်းမှု)၊ ၂၀၀၀ ပြည့်နှစ်တွင် သိမ်းထုပ်ထားတဲ့လွင်ပြင်ကျယ် (ဝတ္ထုတိုစုစည်းမှု)၊ ၂၀၀၇ ခုနှစ်တွင်ဓာတ်ပုံတွေကပြတဲ့အော်ပရာ (အက်ဆေး၊ ဖိုတိုအက်ဆေး) နှင့် အတွေးတိမ်တိုက်၊ သက္ကရာဇ်မြင်း၊ နေ့ဟောင်းမျှော်စင်(အက်ဆေး) ၂၀ဝ၈ ခုနှစ်တွင် ဝါကျများကိုဖွင့်ကြည့်ပါ နှင့် ကြယ်မှုန်တွေနဲ့လင်း၊၂၀၁၂ ခုနှစ်တွင် အနောက်ဘက် တံတိုင်းသို့လှမ်းကြည့်ခြင်းနှင့် ညှို့ငင်တောင်အစရှိသည်တို့ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။
ဆရာငြိမ်းအေးအိမ်အယ်ဒီတာအဖြစ်တာဝန်ယူခဲ့သော သရဖူစာပေမဂ္ဂဇင်းမှာ စာပေအသိုင်းအဝိုင်းနှင့် ရသစာပေချစ်သူများကြားတွင် ထင်ရှားသောမဂ္ဂဇင်းတစ်စောင်အဖြစ်အောင်မြင်ခဲ့သည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - Nyein Aye Eain/FB

image