9 w - Translate

ILO ရဲ့ Article 33 အသက်ဝင်ရင် အလုပ်ရှင် အလုပ်သမား ပြဿနာတွေ ပိုဖြစ်လာနိုင်
ဇွန် ၂၃ - ၂ဝ၂၅
KKO(VOM)
မြန်မာနိုင်ငံအတွက် ILO ရဲ့ Article 33 အရေးယူဆုံးဖြတ်ချက်အသက်ဝင်လာပါက အလုပ်ရှင် အလုပ်သမား ပြဿနာတွေ ပိုဖြစ်လာနိုင် တယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက VOM ကို ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO)အနေနဲ့ မြန်မာနိုင်ငံကို Article 33 အရ တရားဝင် အရေးယူမယ်ဆိုတာကို ၂၀၂၅ ခုနှစ်၊ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဂျနီဗာမြို့ရှိ ILO ရဲ့ (၁၁၃) ကြိမ်မြောက်ညီလာခံအတွင်း ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
"အခုစက်ရုံအချို့မှာ အလုပ်ရှင်၊အလုပ် သမားထိတွေ့မှု Crises လေးတွေဖြစ်ကြတယ်။ လုပ်ခလစာတောင်းဆိုတာ Day ကြေးတိုးပေးဖို့တောင်းဆိုတာတွေက Article 33 ကြောင့်တော့မဟုတ်သေးပါဘူး။ဝန်ထမ်းတွေက Article 33 ရဲ့ဆိုးရွားမှုကိုသူတို့သေချာမသိကြသေးပါဘူး။ ဒါကိုသိလာရင်တော့ပိုဆိုးလာမယ့် အနေအထားတရပ်မှာရှိတယ်"လို့ အလုပ်ရှင်၊အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင် ဦးဇော်ဇော်အောင်က VOM ကိုပြောပါတယ်။
၂ဝ၂၁ ခုနှစ်နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအချို့ကြောင့် ဆွီဒင်နိုင်ငံက H&M၊ စပိန်နိုင်ငံက Inditex၊ ဗြိတိန်နိုင်ငံက Primark တို့အပါအဝင် ကမ္ဘာကျော် အဝတ်အထည် ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀ ကျော် ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံလုပ်ဆောင်နေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့မှုတွေ ရှိခဲ့တယ်လို့ ISP Myanmar က ရေးသားဖော်ပြထားပါတယ်။
"Article 33 နဲ့ ပတ်သက်လို့ အလုပ်ရှင်တွေကိုလည်း ဖိအားသွားပေးလို့မရဘူး။ဒါကပြည်ပကနေ အဖျက်သဘောမျိုးနဲ့ မြန်မာပြည်ကိုလုပ်နေတဲ့သူတွေအပေါ်မှာပဲ ပြန်ဆန့်ကျင်မှရပါမယ်။ဒီ ILO ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့က ဆန့်ကျင်ကန့်ကွက်ရမယ်။ ကျနော်တို့လည်းစီစဉ်နေတာတော့ရှိတာပေါ့။နောက်တခုအစိုးရရဲ့သဘောထားကိုလည်းစောင့်ကြည့်ရမယ်"လို့ သူက ဆက်ပြီး ပြောပြပါတယ်။
ဒီလို ILO ရဲ့ဆုံးဖြတ်ချက်အရ လုပ်ငန်းရှင်အချို့က မြန်မာနိုင်ငံကနေ ထွက်ခွာနိုင်ပြီး မြန်မာနိုင်ငံအတွင်းရှိ CMP စနစ်အောက် အထည်ချုပ်လုပ်ငန်းတွေ သိန်းနဲ့ချီသောအလုပ်သမားတွေအပေါ် ပိုမိုကြီးမားတဲ့သက်ရောက်မှု တွေရှိလာနိုင်မယ်လို့လည်းကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ရန်ကုန်တိုင်းအတွင်းက အထည်ချုပ်လုပ်ငန်းစက်ရုံအချို့မှာ စက်ရုံအတွင်းအလုပ်သမားဆန္ဒပြမှုအချို့ရှိခဲ့ပေမယ့် အစိုးရ၊အလုပ်ရှင်၊အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်းဖြေရှင်းမှုတွေကြောင့် ဒါတွေဟာ အခုအချိန်မှာအဆင် ပြေသွားပြီဖြစ်တယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
ရန်ကုန်တိုင်းက စက်ရုံစုစုပေါင်း ၅၀ ကျော်လောက်မှာ အလုပ်သမားတွေဟာ လစာတိုး ပေးရေး၊ Day ကြေးတိုးပေးရေး တောင်းဆိုမှုတွေကို စက်ရုံအတွင်းဆန္ဒထုတ်ဖော်မှုတွေနဲ့အတူပြုလုပ်ခဲ့ကြတာပါ။
"ဒါကလည်းခေတ်ရဲ့လိုအပ်ချက်အရသာဖြစ်လာတဲ့ တောင်းဆိုမှုတွေလို့ ပြောချင်ပါတယ်။ဘေးပယောဂကြောင့်တော့မဟုတ်ပါဘူး။ပြီးတော့ စက်ရုံတွေမှာဒီလိုကိစ္စတွေဖြစ်တယ်ဆိုတာ အစိုးရပိုင်းကလည်းအလုပ်ရှင်၊အလုပ်သမားကိစ္စတွေကို ဝင်ပြီး ညှိနှိုင်းပေးတာကလွဲလို့ ဝင်စွက်ဖက်တာတွေမရှိဘူး။ ဝန်ထမ်းတွေအပေါ်မှာလည်း ဖိအားပေးတာမရှိဘူး။အလုပ်ရှင်အပေါ်မှာလည်း ဖိအားပေးတာမျိုးမရှိတဲ့အခါကျတော့ အလုပ်သမားတွေက ဒါသူတို့အခွင့်အရေးတောင်းဆိုလို့ရတယ်။တောင်းဆိုခွင့်ရှိတယ်ဆိုတဲ့ အသိကြောင့် ဒီလိုစက်ရုံ တရုံပြီးတရုံဖြစ်လာတာပါ"လို့ ဦးဇော်ဇော်အောင်က ပြောပါတယ်။
ဒါအပြင်အခုလို Crises ဖြစ်တဲ့ အလုပ်ရှင်၊အလုပ်သမားကိစ္စရပ်တွေအပေါ်မှာလည်း အစိုးရဘက်က အလုပ်ရှင်ကိုဖိအားပေးတာမျိုးမရှိသလို အလုပ်သမားတွေဘက်ကိုလည်းဖိအားပေးအရေးယူဆောင်ရွက်တာမျိုးတစုံတရာမရှိခဲ့ဘူးလို့လည်းအလုပ် သမားအရေးကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
"အစိုးရက အခုအလုပ်ရှင်အလုပ်သမားပြဿနာကို သူတို့မိသားစုအတွင်းရေးပြဿနာလို့ပဲရှုမြင်တယ်။အလုပ်ရှင်ကိုလည်း ဖိအားမပေးဘူး။အလုပ်သမားကိုလည်းဖိအားမပေးဘူး။အစိုးရ ညှိနှိုင်းဖျန်ဖြေရေးတွေကြားဝင်ပြီးတော့ ညှိနှိုင်းဖျန်ဖြေပေးတာပဲရှိတယ်။ အလုပ်သမားတွေကိုဆူပူတယ်၊ဘာညာဆိုပြီး အရေးယူတာမျိုးလည်းမရှိဘူး"လို့ သူက ထပ်လောင်းပြောပြခဲ့ပါတယ်။
စက်ရုံပိုင်ရှင် အလုပ်ရှင်အချို့ကလည်း အလုပ်သမားတွေရဲ့တင်ပြတောင်းဆိုမှုတွေအပေါ်မှာ လိုက်လျောပေးခဲ့တာအချို့လည်းရှိခဲ့တယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
"အလိုလိုတိုးပေးလိုက်တာတွေရှိပါတယ်။ဒီလကနေ စတိုးပေးလိုက်တာလဲရှိပါတယ်။ အခု နှစ်လအတွင်းမှာရုံပေါင်း ၅ဝ ကျော်၊ ၆ဝ လောက်ရှိမယ်ထင်ပါတယ်"လို့ သူက ပြောပါတယ်။
အဲဒါအပြင် နိုင်ငံတွင်း အထည်ချုပ်လုပ်ငန်း တွေက ချုပ်လုပ်ထားတဲ့ CMP စနစ်နဲ့ချုပ်တဲ့အထည် တွေကိုနိုင်ငံပေါင်း(၈၀)ကျော်ကို အဓိကထားပြီး တင်ပို့လျက်ရှိနေပြီး ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နဲ့ ဘယ်လ်ဂျီယံ အစရှိတဲ့ အနောက်နိုင်ငံတွေဟာ မြန်မာအထည်ချုပ်တွေကို အဓိကတင်ပို့တဲ့ ဈေးကွက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် ရန်ကုန်တတိုင်းလုံးမှာဆိုပါက အထည်ချုပ်အလုပ်သမားတွေ အရေအတွက် စုစုပေါင်းက ၃ သိန်းအထက်မှာရှိနေတယ်လို့လည်း သိရပါတယ်။
Photo - EU
ပုံစာ - မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းအချို့

image