#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကုန်တင်သင်္ဘောများ အိုမန်နိုင်ငံအနီးမှကပ်၍သွားလာကြရန် ရေကြောင်းလုံခြုံရေးကုမ္ပဏီများသတိပေး
အစ္စရေးနှင့်အီရန်တို့အကြားစစ်ရေးပဋိပက္ခ ပိုမိုကြီးထွားလာမည့် အရေးကြောင့် ကုန်တင်သင်္ဘောများအနေဖြင့် ဟော်မုဇ်ရေလက်ကြားဝန်းကျင် အီရန်ရေပြင်များကိုရှောင်ရှား၍ အိုမန်နိုင်ငံအနီးမှကပ်၍ သွားလာကြရန် ပင်လယ်ရေကြောင်းလုံခြုံရေး ကုမ္ပဏီများက ဇွန် ၁၈ ရက်တွင် သတိပေးထားကြောင်း သိရသည်။
အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုများကို ပိတ်ဆို့မည်ဖြစ်ကြောင်း ရှေးယခင်က အီရန်နိုင်ငံက ခြိမ်းခြောက်ခဲ့ဖူးသည်။
ဟော်မုဇ်ရေလက်ကြားကို အီရန်ကပိတ်ဆို့ခဲ့ပါက ရေနံကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်သွားနိုင်ပြီး ကမ္ဘာ့ရေနံဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်သည်။
လက်ရှိအချိန်တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းကြရမည့် သင်္ဘောများအနေဖြင့် ဘေးအန္တရာယ်အကင်းဆုံးလမ်းကြောင်း အဖြစ် အိုမန်နိုင်ငံအနီးကပ်၍မောင်းနှင်နေကြကြောင်း သိရသည်။
အိုမန်ပင်လယ်ကွေ့ရေပြင်သည်မိုင် ၂ဝဝ ကျယ်ဝန်းပြီး အိုမန်နှင့် အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နှင့် ပါကစ္စတန်တို့ကို ပိုင်းခြားပေးထားသော ရေပြင်ဒေသဖြစ်သည်။
လက်ရှိအချိန်တွင် အစ္စရေးနှင့် အီရန်စစ်ရေးပဋိပက္ခ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့ရေနံဈေးကွက်နှင့် ရေနံစိမ်းဈေးနှုန်းများမြင့်တက်လျက် ရှိသည်။
အီရန်နှင့် အစ္စရေးအကြား ဆက်လက်တိုက်ခိုက်နေမှုကြောင့် ပင်လယ်ရေကြောင်း ဘေးအန္တရာယ်အဆင့်မှာလည်း မြင့်တက်လာကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
ရိုက်တာ

image