ရိုးသားနိုင်သလောက်
အမြင့်ဆုံးတောင်ကုန်းမှာ
ကျွန်တော် နေရာယူထားဆဲပါ
ခင်ဖုန်းသက်ဝေ။
မိုးရိပ်မိုးဦးတွေ ကျူးပြီဆိုရင်
ပန်းနီနီတွေ ပွင့်ပြီဆိုရင်
ခြွင်းချက် မရှိ
အယူသည်းနေတတ်တုန်းပါပဲ။
ကျွန်တော်တို့ရဲ့
ပုံတိုပတ်စလေးတွေအကြောင်း
ချဲ့ကားထားတဲ့ သီချင်းတွေတော့
တစ်ခါတလေ ရေးဖြစ် ဆိုဖြစ်ပါတယ်။
ပိုးဖလံလေးတစ်ကောင်
သူ့အတောင်ပံတွေကို ချွတ်ချလိုက်သလိုပေါ့။
ဘေးလူတွေအမြင်မှာ ပေါ့ပါးနေပေမယ့်
သူ့လေးလံဖိစီးမှုနဲ့သူပါ ခင်ဖုန်းသက်ဝေ။
ဒီလိုကြောင့်သာ
ကျွန်တော် မီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကန်သုံးဆင့်ကို
ရောက်ဖြစ်ခဲ့သေးတယ်။
ရေလှိုင်းလာရာအတိုင်း
ရေညှိပင်လေးတွေ
ဆက်လက်ရွေ့လျားနေကြ။
ရေလယ်ကျွန်းက ငှက်တွေ
အရင်လို တေးသီဖောင်ဖွဲ့နေကြ။
တံတားပျက်ကြီးရဲ့ လက်ကျန်တိုင်တွေက
ရေလယ်မှာ ထိုးထိုးထောင်ထာင်နဲ့
လှမ်းပြီးနှုတ်ဆက်တယ်။
အင်မတန် အထီးကျန်လှပေမယ့်
ခုထိ ပြိုလဲခွင့်မရသေးပါဘူးကွာ တဲ့။
တချို့လူတွေအတွက်
လမ်းခွဲတယ်ဆိုတာ လွယ်လွန်းပါတယ်
ကိုယ့်အအေးဖိုးကိုယ်ရှင်းပြီး ထပြန်ကြရုံပါပဲ။
ခက်တယ် ခင်ဖုန်းသက်ဝေရယ်။
မအောင်မြင်ခဲ့တဲ့မြောက်အရပ်က ကြယ်တွေ
ဓူဝံကြယ်ကို စိတ်နာသလို
ဘယ်သူငိုနေတာလည်းကွယ်။
ဒီမှာ သိပ်ခက်တယ်။
ကမ်းပြိုနားက သစ်ပင်လေးတော့
မရှိရှာတော့ဘူး။
အဲ့ဒီလိုဆိုမှဖြင့်
သူ့သစ်မြစ်တွေမှာ ငြိနေခဲ့ဖူးတဲ့
ကျနော်တို့ရဲ့ စက္ကူလှေလေးလည်း
မရှိတော့ဘူးပေါ့။
နတ်ဝှက်ထားတာလို့ချည်း
ကျွန်တော့်စိတ်မှာ ထင်မိနေသေးတယ်။
အချစ်တဲ့
ခြင်္သေ့အားလုံး သိုးငယ်ဖြစ်သွားတဲ့ တောအုပ်
နှုတ်ဆက်ပါတယ်။
ဟယ်လင်ကဲလား ပြောတဲ့အတိုင်းဆိုရင်
ခင်ဖုန်းသက်ဝေ မှန်ပါတယ်။
ချစ်စရာကောင်းတဲ့ ဘယ်မိန်းမပျိုက
အကြာကြီးစောင့်နေမှာမို့လို့လဲ။
ရှေ့ကို သွားနေတဲ့ရထားမှာ
နောက်ပြန် ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။
▫️သန်းတင့်▫️
