#နိုင်ငံတကာသတင်း
◼ကွာလာလမ်ပူဈေးဝယ်စင်တာတွင် လူနှစ်ဦး ပစ်သတ်ခံရ
မလေးရှားနိုင်ငံမြို့တော်၊ ကွာလာလမ်ပူ ချီရပ်စ်ဒေသဈေးဝယ်စင်တာတစ်ခု၏ ပြင်ပတွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ယင်းမှာ သီတင်းတစ်ပတ်မပြည့်မီ မလေးရှားမြို့တော်၌ ဖြစ်ပွားသည့် ဒုတိယအကြိမ်မြောက် သေနတ်ဖြင့် တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။
လုပ်ယူလမ်းပေါ်တွင် ယမန်နေ့နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအား လူသတ်မှုအဖြစ် ရဲ တပ်ဖွဲ့ က သတ်မှတ်ထားသည်။
နှင်းလျှောစီးမျက်နှာဖုံးများ ဝတ်ဆင်ထားသော တိုက်ခိုက်သူများက အမျိုးသားနှစ်ဦး အား ပစ်ခတ်ပြီးနောက် ကား တစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ဒေ သခံမီဒီယာ Free Malaysia Today က ဖော်ပြသကဲ့သို့ Viva Home mall ပြင်ပတွင် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း အခြား မလေးရှားမီဒီယာများကပြောသည်။
ပစ်ခတ်ခံရသူ နှစ်ဦး၏ အလောင်းများအား ၎င်းတို့၏ကားမှငါးမီတာခန့်အကွာတွင် တွေ့ရှိခဲ့ရပြီး ဦးခေါင်းနှင့် ခန္ဓာ ကိုယ်တွင် သေနတ်ဒဏ်ရာအများအပြား ရရှိခဲ့ကာ ပစ်ခတ်ခံရပြီးနောက်မှာပင် သေဆုံးသွားခဲ့ကြောင်း Berita Harian သတင်းစာ က ဖော်ပြသည်။
သေဆုံးသူ နှစ်ဦးစလုံးမှာ အသက် ၄၀ ကျော်အရွယ်များဖြစ်ကာ မူလက ဆာရာဝတ် ပြည်နယ် ဆီဘူး မြို့မှ ဖြစ်ကြောင်း မီဒီယာများက ဆိုသည်။
ယင်းပစ်ခတ်မှုအား ချီရပ်စ်ဒေသရဲဌာနက စုံစမ်းစစ်ဆေးနေပြီး အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။
အဆိုပါပစ်ခတ်မှု မတိုင်မီ လွန်ခဲ့သော လေးရက်ကလည်း ချီရပ်စ် ဒေသမှ အလွန်မဝေးသော ဘရစ်ဖီး ဒေသတွင် သေနတ်ဖြင့်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
သောကြာညက တွန်းဆမ်ဘာသန် လမ်းပေါ်မှ ဖြစ်ရပ်တွင် သေနတ်သမားနှစ်ဦးက စားသောက်ဆိုင်တစ်ခုတွင် ညစာစားနေသူ ခုနစ်ဦးအား ဝင်ရောက်ပစ် ခတ်ခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိခဲ့သူ နှစ်ဦး မှာ အသက် ၃၀ နှင့် ၅၀ ကြားဖြစ်ကြောင်း သိရသည်။
သေဆုံးသူအား မလားယားတက္ကသိုလ်ဆေးပညာစင်တာသို့ ပို့ဆောင်၍ သေမှုသေခင်း စစ်ဆေးမှုများ လုပ် ဆောင် ခဲ့ကာ ဒဏ်ရာရသူနှစ်ဦးကိုလည်း ယင်းဆေးရုံမှာပင် ဆေးကုသပေးနေကြောင်း ဘရစ်ဖီးရဲဌာနအကြီးအကဲ မာရှာရီ မန်မိုဟာမက် အား ကိုးကား၍ Free Malaysia Today သတင်းက ဖော် ပြသည်။
ယင်းဖြစ်ရပ်တွင် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွားခဲ့ပြီး လွတ်မြောက်နေဆဲဖြစ်ကာ ရဲ တပ်ဖွဲ့ က စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား- CNA
