အပူချိန် ၁၄၀၀ ဒီဂရီသာခံနိုင်ရည်ရှိတဲ့ Parker Solar Probe ကနေရဲ့အပူချိန်ကိုဘာကြောင့်ခံနိုင်တာလဲ
လူလုပ်အရာဝတ္တုတွေထဲမှာ အမြန်ဆုံးအဖြစ် စံချိန်တင်ထားတာကတော့ Parker Solar Probe အာကာသယာဉ်ဖြစ်ပါတယ်။ NASA က ၂၀၁၈ ခုနှစ်မှာ နေကိုထိတွေ့နိုင်ဖို့ရည်ရွယ်ပြီးလွှတ်တင်ခဲ့တဲ့ ဒီအာကာသယာဉ်က တစ်နာရီကို ၄၃၀၀၀၀ မိုင် (၇၀၀၀၀၀ ကီလိုမီတာ) အထိသွားနိုင်ပါတယ်။ ဒါကနယူးယောက်ကနေ တိုကျိုကို တစ်မိနစ်အတွင်းသွားနိုင်တဲ့မြန်နှုန်းပါ။
၂၀၂၁ ခုနှစ်မှာ နေရဲ့အပြင်လွှာဖြစ်တဲ့ Corona ကိုရောက်ရှိခဲ့တဲ့ ပထမဆုံးအာကသယာဉ်ဖြစ်လာပါတယ်။ နေကို ၂၄ ပတ်ပတ်ဖို့ရည်ရွယ်ထားပြီး အခုချိန်မှာ ၂၁ ပတ်ပတ်ပြီးနေပါပြီ။ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၄ ရက်နေ့ (Christmas eve) မှာ နေမျက်နှာပြင်ကနေ မိုင် ၃.၈ သန်း (ကီလိုမီတာ ၆.၂ သန်း) အကွာထိရောက်ရှိခဲ့ပြီး စံချိန်သစ်စိုက်ထူနိုင်ခဲ့ပါတယ်။
ဒီအာကသယာဉ်က အပူချိန် ၁၄၀၀ ဒီဂရီဆဲဆီးရပ်အထိခံနိုင်ရည်ရှိစေဖို့ ကိုယ်ထည်ရဲ့အပြင်မှာ ၄.၅ လက်မ (၁၁.၅ စင်တီမီတာ) ထူတဲ့ carbon-composite shield နဲ့ဖုံးအုပ်ထားပါတယ်။ နေရဲ့မျက်နှာပြင်အပူချိန်က ၆၀၀၀ ဒီဂရီလောက်သာရှိပေမယ့် Corona ရဲ့အပူချိန်က ၁ သန်းကနေ ၃ သန်းလောက်ထိရှိပါတယ်။ ဒါဆိုဘာကြောင့် အရည်မပျော်တာလဲ။
အာကာသထဲမှာ ထောင်နဲ့ချီတဲ့ အပူချိန်ရှိပေမယ့် မပူတဲ့နေရာတွေရှိပါတယ်။ အပူချိန်မြင့်တယ်ဆိုတိုင်း အခြားအရာတွေကိုမကူးစက်စေနိုင်ပါဘူး။ အပူချိန် (Temperature) နှင့် အပူ (Heat) ကိုနားလည်နိုင်ဖို့လိုပါတယ်။
အပူချိန် (Temperature) ကို particle တွေဘယ်လောက်မြန်မြန် ရွေ့လျားလဲဆိုတာနဲ့တိုင်းတာပြီး အပူ (Heat) ကိုတော့ကူးပြောင်းတဲ့ စုစုပေါင်းစွမ်းအင်နဲ့တိုင်းတာပါတယ်။
Particle တွေမြန်မြန်ရွေ့လျားပေမယ့် ပမာဏနည်းတဲ့အခါ စွမ်းအင်များများမသယ်ဆောင်နိုင်တာကြောင့် အပူချိန်များပြီး အပူနည်းပါတယ်။ အာကာသထဲမှာ ကြားထဲသိပ်သည်းဆ မရှိသလောက်နည်းတာကြောင့် အပူချိန်အလွန်မြင့်မားပေမယ့် Particle တွေကအာကာသယာဉ်ကို အပူရောက်တာအလွန်နည်းပါတယ်။
ဥပမာပြောရရင် လူတွေရဲ့လက်က ပွက်ပွက်ဆူနေတဲ့ရေနွေးက ထွက်တဲ့အငွေ့ကို အချိန်တစ်ခုထိ ခံနိုင်ရည်ရှိပေမယ့် ရေနွေးကိုတိုက်ရိုက်ထိတွေ့တာတော့မခံနိုင်ပါဘူး။ ရေက ရေငွေ့ထက်သိပ်သည်းဆပိုများတာကြောင့် particle တွေကိုပိုမိုထိတွေ့တာကြောင့်ပါ။
ဒါကြောင့်နေရဲ့ Corona ကအပူချိန် ဒီဂရီသန်းကျော်ပေမယ့် သိပ်သည်းဆအလွန်နည်းတာကြောင့် ၁၄၀၀ ဒီဂရီအထိသာခံနိုင်တဲ့ Parker Solar Probe က ခံနိုင်ရည်ရှိနေတာပါ။

image