သက်ရှိတွေကို အမျိုးအစားအလိုက်ခွဲခြားခြင်း (Taxonomy)
သက်ရှိတွေကိုသိပ္ပံနည်းကျ အမည်ပေးခြင်း၊ အမျိုးအစားများခွဲခြားခြင်းကို taxonomy လို့ခေါ်ပါတယ်။ Taxonomy မှာ အမျိုးအစားအလိုက် Domain, Kingdom, Phylum, Class, Order, Family, Genus, Species ဆိုပြီးအဆင့်ဆင့်ခွဲခြားထားပါတယ်။
#domain
Taxonomy မှာအမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ Archaea, Bacteria, Eukarya ဆိုပြီး domain ၃ မျိုးရှိပါတယ်။ Archaea နဲ့ Bacteria တွေကဆဲလ်တစ်လုံးတည်းပါတဲ့ အဏုဇီဝသက်ရှိ (microorganism) တွေပါ။ ဆဲလ်အများကြီးနဲ့ဖွဲ့စည်းထားတဲ့ လူနှင့်တိရစ္ဆာန်အားလုံးက Eukarya ထဲမှာပါဝင်ပါတယ်။
#kingdom
Domain ပြီးရင်အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ Archaebacteria, Eubacteria, Protista, Fungi, Plantae, Animalia ဆိုပြီး Kingdom ၆ ခုခွဲခြားထားပါတယ်။ Plantae မှာရေမှော်တွေကလွဲလို့ အပင်အားလုံးနီးပါးပါဝင်ပါတယ်။ Animalia မှာလူ၊ တိရစ္ဆာန်တွေအကုန်ပါပါတယ်။ ကျန်တာတွေက အဏုဇီဝတွေပါ။ ၁၉၉၀ ထိ Kingdom ကအမြင့်ဆုံးပါ။ နောက်ပိုင်းမှ Domain ထပ်ထည့်လိုက်လို့ ဒုတိယအဆင့်ဖြစ်သွားတာပါ။
#phylum
သက်ရှိတွေရဲ့အခြေခံသဘာဝအလိုက်ခွဲခြားထားပါတယ်။ လူနှင့် တိရစ္ဆာန်တွေပါဝင်တဲ့ Kingdom Animalia မှာ Phylum ၃၁ ခုပါဝင်ပါတယ်။ ဥပမာ
Chordata (ကျောရိုးရှိသတ္တဝါများ)
Arthropoda (အင်းဆက်များ)
Mollusca (ကျောရိုးမဲ့ပျော့ပြောင်းသတ္တဝါများ ခရု၊ ကမာ၊ ကင်းမွန်)
#class
Phylum အောက်မှာ Class ဆိုပြီးအမျိုးအစားအလိုက်ခွဲခြားထားပါတယ်။ ဥပမာ Phylum Chordata အောက်မှာ
Mammalia (နို့တိုက်သတ္တဝါများ)
Aves (ငှက်များ)
Reptilia (တွားသွားသတ္တဝါများ)
Agnatha (အရိုးမဲ့ငါးများ)
Chondrichthyes (ငါးမန်းလိုအရိုးနုငါးများ)
Osteichthyes (အရိုးပါငါးများ)
Amphibia (ဖားများ) ဆိုပြီး class တွေရှိပါတယ်။
#order
Class ကိုမှလက္ခဏာတွေအလိုက် Order ဆိုပြီးထပ်မံခွဲခြားထားပါတယ်။ နို့တိုက်သတ္တဝါတွေပါဝင်တဲ့ Class Mammalia မှာဆိုရင်
Primates (လူ၊ မျောက်၊ လူဝံတို့လို လက်နှင့်ခြေထောက်ပါဝင်ပြီး ဦးနောက်ကြီးသောသတ္တဝါများ)
Cetacea (ရေနေနို့တိုက်သတ္တဝါများ၊ လင်းပိုင်၊ ဝေလငါးစသည်)
Carnivora (အသားစားနို့တိုက်သတ္တဝါများ၊ ခွေး၊ ကြောင်၊ စသည်)
#family
Order ရဲ့အောက်မှာတော့ Family ရှိပါတယ်။ မျိုးစိတ်ချင်းနီးစပ်တဲ့သက်ရှိတွေကို စုစည်းထားတာပါ။ ဥပမာ Family Felidae မှာကြောင်အကြီးအသေး မျိုးစိတ်တွေအားလုံးပါဝင်ပါတယ်။
သက်ရှိတွေချင်းဆက်စပ်မှုကို Family တူမတူနဲ့အဓိက ခွဲပါတယ်။ ဥပမာ မိချောင်းတွေမှာ Crocodile, Alligator, Caiman တွေက Order Crododilia ထဲမှာပါတာတူပေမယ့် Family မတူပါဘူး။ Crocodile တွေက Crocodilae ထဲပါပြီး Alligator နဲ့ Caiman တွေက Alligatoridae ထဲပါပါတယ်။ ဒါကြောင့် Alligator တွေက Crocodile တွေထက်စာရင် Caiman တွေနဲ့ပိုပြီးနီးစပ်ပါတယ်။
Family ကိုမှ subfamily ဆိုပြီးနောက်တစ်ဆင့်ထပ်ခွဲလို့ရပါသေးတယ်။ Family Felidae ထဲမှာ Felinae (small cat) နဲ့ Pantherinae (big cat) ဆိုပြီးရှိပါတယ်။ Small cat မှာအိမ်မွေးကြောင်၊ တောကြောင်၊ ချီတာ၊ ပူးမားတွေပါဝင်ပြီး Big cat မှာ ကျား၊ ခြင်္သေ့၊ Jaguar ကျားသစ်၊ Leopard ကျားသစ်တွေပါဝင်ပါတယ်။ (ချီတာနှင့်ပူးမားတွေက အရွယ်အစားအရကြီးမားပေမယ့် ကျားတွေလိုမဟိန်းနိုင်ဘဲ ကြောင်တွေလို မြှောင်သာလုပ်နိုင်လို့ ကြောင်အသေးမျိုးစိတ်ထဲပါဝင်ပါတယ်) ။
#genus
Family အောက်မှာ Genus နဲ့ထပ်ခွဲထားပါတယ်။ ဥပမာ Felinae (small cat) ‌အောက်မှာ Felis (အိမ်မွေးကြောင်)၊ Acinonyx (ချီတာ)၊ Puma (ပူးမား)၊ တွေပါဝင်ပြီး Pantherinae (big cat) မှာတော့ Panthera (ကျား၊ ခြင်္သေ့၊ ကျားသစ်) နဲ့ Neofelis (Clouded leopard, Sunda Clouded leopard) တွေပါပါတယ်။
#species
Genus ‌အောက်မှာတော့ species ဆိုပြီးမျိုးစိတ်တွေပါဝင်ပါတယ်။ ဥပမာ Genus Panthera (Big cat) ထဲမှာ Lion (Panthera leo), Tiger (Panthera tigris), Leopard (Panthera pardus), Jaguar (Panthera onca), Snow leopard (Panthera uncia) ဆိုပြီး ၅ မျိူးပါဝင်ပါတယ်။
Species ကိုမှ Subspecies ဆိုပြီး မျိုးစိတ်ကွဲတွေထပ်ပြီးရှိပါသေးတယ်။ ဥပမာ Tiger မှာဆို Bengal tiger, Siberian tiger, Indochinese tiger, Malayan tiger ဆိုပြီးမျိုးကွဲတွေရှိပါတယ်။ လူသားတွေမှာလည်း အရင်ကမျိုးစိတ် ၂၁ မျိုးအထိရှိခဲ့ပေမယ့် အခုချိန်မှာတော့ Homo sapiens တစ်မျိုးသာကျန်ပါတော့တယ်။

image