မြန်မာနိုင်ငံမှာ ကမ္ဘာ့အသေးဆုံးဒိုင်နိုဆောလို့ယူဆရတဲ့ ရုပ်ကြွင်းကိုရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ရှားပါး Lizard တစ်မျိုးသာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်
အရင်ဆုံးသိထားဖို့လိုတာက သိပ္ပံနည်းကျဆို ငှက်တွေအားလုံးက ဒိုင်နိုဆောတွေက ဆင်းသက်လာတဲ့ မျိုးမသုဉ်းသေးဘဲ ကျန်တဲ့တစ်ခုတည်းသော မျိုးစုဖြစ်ပါတယ်။ ဒါကြောင့်အသေးဆုံးငှက်ဆို အသေးဆုံးဒိုင်နိုဆောလည်းဟုတ်ပါတယ်။
၂၀၁၆ ခုနှစ်က ကချင်ပြည်နယ် ဟူကောင်းတောင်တန်းမှာ ကျောက်တူးဖော်ရင်း ပယင်းကျောက်ထဲမှာ ပိတ်မိနေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ မြန်မာ့ပယင်းကျောက် (Burmese Amber/ Burmite) တွေက လွန်ခဲ့တဲ့နှစ်သန်း ၁၀၀ ‌လောက်က သစ်ပင်အချို့ရဲ့ သစ်စေးတွေကနေ ဖြစ်ပေါ်လာတာပါ။
ဒီရုပ်ကြွင်းကနှစ်ပေါင်း ၉၉ သန်းလောက်သက်တမ်းရှိနေပါပြီ။ မသေခင်သို့မဟုတ် သေပြီးနောက်အလွန်ပျစ်တဲ့ သစ်စေးတွေကြားထဲမှာ ပိတ်မိနေရင်း နှစ်သန်းပေါင်းများစွာကြာတဲ့အခါ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်လာပါတယ်။ ဒီရုပ်ကြွင်းကို တရုတ်နိုင်ငံ Hupoge Amber Museum မှာနိုင်ငံပေါင်းစုံက သိပ္ပံပညာရှင်များကနှစ်ပေါင်းများစွာ သုတေသနလုပ်ခဲ့ကြပါတယ်။
ဒီဦးခေါင်းခွံရုပ်ကြွင်းက ၁၇ မီလီမီတာ (၀.၆၈ လက်မ) သာရှိတာကြောင့် ကမ္ဘာ့အသေးဆုံးငှက်ဖြစ်တဲ့ Bee Hummingbird လောက်သာရှိပါတယ်။ နှာသွယ်၊ မျက်လုံးကြီးပြီး သွားအများကြီးပါတဲ့ ငှက်မျိုးစိတ်တစ်ခု (ကမ္ဘာ့အသေးဆုံး ဒိုင်နိုဆောမျိုးစိတ်) လို့ယုံကြည်ခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ဒီမျိုးစိတ်ကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
ဦးခေါင်းပုံစံကအလွန်ထူးခြားပြီး မျက်လုံးအိမ်ကကျယ်ကာ သွားတွေလည်းများပါတယ်။ ကမ္ဘာပေါ်မှာရှာတွေ့ပြီးသား မည်သည့်မျိုးစိတ်နဲ့မှ ခန္ဓာဗေဒနှင့် ဆင့်ကဲပြောင်းလဲလာပုံတွေ မတူတာကြောင့် Genus အသစ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ လက်တင်ဘာသာစကားနဲ့ Oculus (မျက်လုံး)၊ Dent (သွား)၊ Avis (ငှက်) ဆိုပြီး Oculudentavis (အော်ကူလူဒန်တာဗစ်) လို့နာမည်ပေးခဲ့ပါတယ်။ မျိုးစိတ်နာမည်ကိုတော့ ရုပ်ကြွင်းလှူဒါန်းခဲ့တဲ့ အမျိုးသမီးနာမည် Khaung Ra (ခေါင်ရာ) ကိုဂုဏ်ပြုပြီး khaungraae (ခေါင်ဂရေ့)လို့သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့်ငှက်ထက် အိမ်မြောင်ကဲ့သို့ lizard တွေနဲ့ပိုပြီးနီးစပ်ကြောင်း ကွဲလွဲမှုတွေရှိလာတာကြောင့် မကြာမီပြန်ရုပ်သိမ်းခဲ့ပါတယ်။ ဒိုင်နိုဆောနှင့် lizard နှစ်မျိုးလုံးက Reptile အမျိုးအစားတွေဖြစ်တာကြောင့် ဆက်စပ်မှုရှိပါတယ်။ ဒိုင်နိုဆောရဲ့ အဓိပ္ပါယ်ကလည်း Terrible lizard ပါ။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၂၇၀ တည်းက လုံးဝခွဲထွက်သွားပြီး သီးခြားဖြစ်သွားပါပြီ။
၂၀၂၁ မှာ မှာဒီ Genus ရဲ့ နောက်ထပ်မျိုးစိတ်သစ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ၁၄ မီလီမီတာ အရွယ်အစားရှိ ဒုတိယရုပ်ကြွင်းတစ်ခုကို ၂၀၁၉ တည်းက ရှာတွေ့ထားပါတယ်။ ဒီမျိုးစိတ်ကိုတော့ ပယင်းမိုင်းတွင်းများရှိတဲ့ဒေသက နာဂလူမျိုးတွေကို ရည်ညွှန်းပြီး Naga (နာဂ) လို့နာမည်ပေးထားပါတယ်။ ဒုတိယမျိုးစိတ်က Oculudentavis naga ပါ။ ဒီရုပ်ကြွင်းကိုတော့ ဆွစ်ဇာလန်နိုင်ငံမှာ ထိန်းသိမ်းထားပါတယ်။
ရုပ်ကြွင်းနမူနာတွေကို CT scan နဲ့စစ်ဆေးကြည့်ရာမှာ ခေါင်ဂရေ့ က နှာရှည်ပြီးငှက်နှုတ်သီးနဲ့တူပေမယ့် နာဂနဲ့ နှာခေါင်းပုံစံချင်းကွဲနေပါတယ်။ နှာခေါင်းပုံစံသာအနည်းငယ်ကွဲပြီး မူလပုံစံတွေက တူညီနေတာကြောင့် Genus တစ်ခုတည်းက သီးခြားမျိုးစိတ်တွေ (ဥပမာ ကျားနှင့်ခြင်္သေ့လို) အဖြစ် သတ်မှတ်နိုင်ပါတယ်။
ဒုတိယရုပ်ကြွင်း Naga ကမျိုးစိတ်သစ်ကိုလေ့လာရာမှာ အလွန်အရေးပါခဲ့ပြီး ဒိုင်နိုဆောမဟုတ်ဘဲ ရှားပါး ရှေးဟောင်း Lizard တစ်မျိုးသာ ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ကြပါတယ်။ အစကသွားပါတဲ့ငှက်လို့ ယူဆခဲ့တဲ့ သိပ္ပံပညာရှင်တွေကလည်း ဒိုင်နိုဆောမဟုတ်ကြောင်း သဘောတူခဲ့ပါတယ်။
Lizard မျိုးစိတ်တွေက လွန်ခဲ့တဲ့နှစ် ၁၄၅ သန်းလောက်ကစပြီး ကျယ်ပြန့်လာပါတယ်။ ဒါပေမယ့် Oculudentavis ကကမ္ဘာ‌ပေါ်မှာရှိပြီးသားဘယ်မျိုးစိတ်နဲ့မှမတူပါဘူး။ Taxonomy အရ Reptile ထဲကအကြီးဆုံး Order ဖြစ်တဲ့ Squamata ထဲပါဝင်ပါတယ်။ ဒီထဲမှာ Lizard များ (အိမ်မြောင်၊ ပုတ်သင်ညိုမှ ကိုမိုနိုနဂါးထိ) နှင့်မြွေများစသည်တို့ ပါဝင်ပါတယ်။
မြန်မာ့ပယင်းကျောက်ထဲမှာ ရှားပါးရုပ်ကြွင်း‌တွေ မကြာခဏတွေ့ရှိရပါတယ်။ ၂၀၂၂ ကလည်း နှစ်သန်း ၁၁၀ သက်တမ်းရှိ Retinosaurus hkamtiensis ဆိုတဲ့ lizard မျိုးစိတ်သစ်ကိုတွေ့ရှိခဲ့ပါတယ်။

image