‘Lilo & Stitch Live Action သရုပ်ဆောင်၊ အသက် ၄၆ နှစ်မှာ ကွယ်လွန်
David Hekili Kenui Bell ဟာ မကြာသေးခင်က Disney ရဲ့ Lilo & Stitch Live Action ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့သလို ၊ Magnum P.I. နဲ့ Hawaii Five-0 ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဇွန်လ ၁၂ ရက်နေ့မှာ အသက် ၄၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့အစ်မ Jalene Kanani Bell က Facebook Post မှာ သူကွယ်လွန်ကြောင်း အတည်ပြုခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းအမှန်ကို မကြေညာသေးပေမယ့်၊ Hawaii ရဲတပ်ဖွဲ့ကတော့ မသမာမှုတစ်စုံတစ်ရာ မရှိဘူးလို့ ပြောထားပါတယ်။
“ကျွန်မရဲ့ စိတ်သဘောထားကောင်း၊ အရည်အချင်းရှိ၊ ရယ်စရာကောင်း၊ ဉာဏ်ရည်ထက်မြက်ပြီး ချောမောတဲ့ မောင်လေး David H. K. Bell ဟာ ဒီနေ့မှာ ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့အတူ ရှိနေတော့မယ်ဆိုတာကို ဝမ်းနည်းစိတ်နဲ့ ပြောပြရပါတယ်” လို့ Jalene Kanani Bell က တနင်္ဂနွေနေ့မှာ ရေးသားခဲ့ပါတယ်။
Disney ကလည်း အင်္ဂါနေ့မှာ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြီး၊ “David Hekili Kenui Bell ရဲ့ ရုတ်တရက်ဆုံးရှုံးသွားမှုကို ကျွန်တော်တို့ အလွန်ဝမ်းနည်းမိပါတယ်။ သူဟာ ဖော်ရွေပြီး စိတ်ထားကောင်းတဲ့သူဖြစ်ပြီး၊ ရိုက်ကွင်းထဲမှာ လူတိုင်းနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ပါ။ သူဟာ Disney နဲ့ Lilo & Stitch မိသားစုရဲ့ ထာဝရအဖွဲ့ဝင်တစ်ယောက်အဖြစ် ရှိနေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
